- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လက်နက်ကြီးကျ၍ ထွက်ပြေးနေကြသည့် ကင်းဆိပ်ရွာသားများ အကူအညီလိုအပ်နေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည့် ကျေးရွာသူ/ရွာသားများမှာ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
30 Aug 2022
DMG ၊ ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည့် ကျေးရွာသူ/ရွာသားများမှာ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
ကင်းဆိပ်ကျေးရွာသားများမှာ လက်ရှိတွင် မြောက်ဦးမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး ဝါဈေးဘုန်းကြီးကျောင်းတွင် အများဆုံးဖြစ်ကာ လူဦးရေ ၇၀၀ ကျော် ခိုလှုံလျက်ရှိသည်။
လက်ရှိ စားသောက်ရေးအတွက် ကုန်ကျစရိတ်မှာ တစ်ရက်ကို တစ်သိန်းကျော်ရှိနေပြီး ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း ဝါဈေးဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦဝရဓမ္မက DMG ကို မိန့်သည်။
“အခုလောလောဆယ်တော့ ရှိတဲ့ဟာနဲ့ ရတဲ့အလှူငွေတွေကိုပေါင်းပြီး ရိက္ခာအတွက် ဖြေရှင်းပေးထားပါတယ်။ ဒါပေမယ့်လည်း လူဦးရေကများတော့ ပြည့်ပြည့်စုံစုံ ဝဝလင်လင်မဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ လက်ရှိစစ်ရေးကလည်း တင်းမာနေတော့ ရေရှည်အတွက် အလှူငွေတွေလိုအပ်နေပါတယ်”ဟု ဆရာတော်က မိန့်သည်။
ထို့အပြင် သောက်သုံးရေအတွက်လည်း အခက်အခဲဖြစ်ပေါ်နေပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးတွင်လည်း အိမ်သာ ၂ လုံး သာ ရှိသောကြောင့်လည်း အလေး၊အပေါ့သွားရန် အခက်အခဲဖြစ်ပေါ်နေရကြောင်း ဆရာတော်က ဆက်၍မိန့်သည်။
“လူဦးရေများပြီး အိမ်သာက မလောက်ငှတဲ့အခါကျတော့ အရှက်ရစရာတွေ ဖြစ်ရတာပေါ့။ ဖြစ်သလို အလေး၊ အပေါ့သွားနေရတဲ့ အခြေအနေဆိုတော့ ကျန်းမာရေးအတွက်လည်း မသင့်တော်ဘူးလေ။ ပြီးတော့ သောက်သုံးရေအတွက်လည်း ရေတွင်းက ထပ်တူးရမယ့်အခြေအနေဖြစ်နေတာ”ဟု ဆရာတော်က မိန့်သည်။
ကင်းဆိပ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ဒီကျောင်းမှာတော့ ခိုလှုံသူ အများဆုံးလို့ပြောလို့ရတယ်။ ဒီလူဦးရေ ၇၀၀ ကျော်ရဲ့ စားရေးသောက်ရေးကို အခုလောလောဆယ်တော့ ဆရာတော်က စီစဉ်ပေးထားတယ်။ ဒါပေမယ့် လူဦးရေးကအများကြီးဆိုတော့ ရှိတာကိုအတူမျှပြီး စားနေရတဲ့သဘောမို့ အခက်အခဲက အများကြီးပါပဲ”ဟု ပြောသည်။
အဆိုပါ ကင်းဆိပ်ရွာသူ/ရွာသားများမှာ လက်ရှိတွင် ဘုန်းကြီးကျောင်း၏ အပေါ်ထပ်၊ အောက်ထပ်နှင့် ဓမ္မာရုံတို့တွင် ကျပ်ကျပ်တည်းတည်းဖြင့် ဖြစ်သလိုနေထိုင်နေကြရသည်။
လတ်တလောတွင် ကျေးရွာကိုပြန်ရန်မှာလည်း လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေ ရှိနေသေးသောကြောင့် ရွာသားများမှာ အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေရကြောင်းလည်း ကင်းဆိပ်ကျေးရွာသားတစ်ဦးကပြောသည်။
“တိုက်ပွဲက ကျနော်တို့ရွာနားမှာဖြစ်တာလည်း မဟုတ်ဘဲနဲ့ လက်နက်ကြီးကျတာဆိုတော့ ဒါက ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကိုရက်စက်တာလေ။ ကျနော်တို့အနီးအနားမှာ တိုက်ပွဲရှိရှိ၊ မရှိရှိ၊ ဘယ်မှာပဲနေနေ မလုံခြုံတော့ဘူးဆိုတဲ့အသိစိတ်နဲ့ စိုးရိမ်ကြောက်လန့်နေကြရတာဆိုတော့ ချက်ချင်းဘယ်ပြန်ရဲတော့မလဲဗျာ”ဟု ၎င်းကပြောသည်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် ဩဂုတ်လ(၂၈)ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ခမရ ၅၄၀ တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကင်းဆိပ်ကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။
ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကင်းဆိပ်ကျေးရွာမှ ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိခဲ့ကာ ကျေးရွာသူ/ရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
အလားတူ မြောက်ဦးမြို့နယ်အတွင်းက လက္ကာ၊ ဘူးရွက်မညိုး၊ ဘုရားကြီး၊ ပေါက်တောပြင်၊ ဝေသာလီနှင့် အောက်သကန် စသည့်ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။