- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ တည်းခိုခန်းနှင့် နေအိမ်အချို့ပျက်စီး
ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
24 Sep 2022
DMG ၊ စက်တင်ဘာ ၂၄
ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မည်သည့်ဘက်မှ ပစ်ခတ်မှန်းမသိသော လက်နက်ကြီးကျည်သည် ရွာမရပ်ကွက်ရှိ သိန်းဆန်းတည်းခိုခန်းသို့ ကျရောက်လာကာ မှန်ပြတင်းများကို ထိမှန်ခဲ့သည်။ ယင်းကြောင့် တည်းခိုနေသော အသက် ၂၇ နှစ်အရွယ် ကိုစိန်အောင်ဖြူဆိုသူကို မှန်စများထိမှန်သွားပြီး ဝမ်းဗိုက်တွင်ဒဏ်ရာရရှိသွားသည်ဟု တည်းခိုခန်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“၁ နာရီကျော်လောက်က ပစ်တာပါ။ တည်းခိုခန်းရဲ့ အထက်ဆုံးပိုင်းမှာ လက်နက်ကြီးကျည်ကျတာကြောင့် အုတ်နံရံတွေ မှန်တွေကွဲပြီး မှန်စထိသွားတာပါ။ ဝမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ နည်းနည်းဒဏ်ရာရသွားပါတယ်”ဟု သူကပြောသည်။
ထို့ပြင် ရှမ်းရွာရပ်ကွက်မှ ဒေါ်မလှသာ၏နေအိမ်တွင်လည်း ခေါင်မိုးနှင့် ထရံများပျက်စီးသွားခဲ့ပြီး ရွာမှရပ်ကွက်မှ နေအိမ်သုံးအိမ်ခန့်မှာလည်း ခေါင်မိုးများ၊ထရံများ ပျက်စီးသွားသည်။ သို့သော် လူများ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“အရင်က နယ်ဘက်တွေမှာဖြစ်ရင်တောင် ဒေသခံတွေက မြို့ပေါ်ကိုပြောင်းလာကြတယ်။ စစ်ဘေးလာရှောင်ကြတယ်။ အခုက မြို့ပေါ်မှာတောင် တိုက်ပွဲဖြစ်တာမရှိပဲ ပစ်ခတ်နေတာဆိုတော့ နောက်ထပ်ဘယ်အချိန် ပစ်လာမယ်မှန်းမသိဘူးဆိုပြီး စိုးရိမ်တာတွေတော့ရှိတယ်”ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုမှာ မည်သည့်ဘက်မှ ကျရောက်လာသည်ဆိုသည်ကို ညဉ့်အချိန်ဖြစ်နေ၍ ဒေသခံများလည်း တိတိကျကျမသိရှိကြပေ။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို DMG က ဆက်လက်စုံစမ်းလျက်ရှိသည်။