- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်ကြောင့် ဒေသခံသုံးဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ယနေ့ (နိုဝင်ဘာလ ၄ ရက်) နံနက်ပိုင်းမှ လက်ရှိအချိန်အထိ ဒေသခံ သုံးဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
04 Nov 2022
DMG | နိုဝင်ဘာ ၄
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ယနေ့ (နိုဝင်ဘာလ ၄ ရက်) နံနက်ပိုင်းမှ လက်ရှိအချိန်အထိ ဒေသခံ သုံးဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသူများမှာ ရွှေပြည်သစ်ကျေးရွာ၊ ဝက်မှိုင်းကျေးရွာ၊ အုန်းပတီးကျေးရွာတို့မှဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူများမှာလည်း အဆိုပါကျေးရွာများအပြင် တခြားကျေးရွာများမှလည်း ပါဝင်သည်။
ရွှေပြည်သစ်ကျေးရွာမှ တစ်ဦးသေ၊ ၅ ဦး ဒဏ်ရာရ
သေဆုံးသူတစ်ဦးမှာ ရွှေပြည်သစ်ကျေးရွာမှ အသက်(၈)နှစ်အရွယ် မောင်မင်းနိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးမောင်တူချေ အသက်(၈၆)နှစ်၊ ကိုနိုင်နိုင်ဦး(၃၁)နှစ်၊ မမိုးမိုးနိုင်(၂၈)နှစ်၊ မလေးခိုင် အသက်(၃၂)နှစ်နှင့် မနွယ်နွယ်(၂၂)နှစ်တို့ဖြစ်ကြသည်။
"ပထမဒဏ်ရာရတဲ့ ရွာသား ၄ ယောက်ကို ဆေးရုံကိုပို့ပြီး ဆေးကုသနေတုန်းမှာပဲ ရွာထဲကို နောက်တစ်လုံးထပ်ကျလာပြီးတော့ သေသွားတဲ့ကလေးနဲ့ နွယ်နွယ်ဆိုတဲ့မိန်းကလေးကို လာထိတာ။ သူတို့နှစ်ယောက်က ဗုံးကျင်းထဲမှာ ပုန်းနေကြတာလို့သိရတယ်။ ကလေးကတော့ ပွဲချင်းပြီးသေသွားလို့အလောင်းကို ရွာမှာထားခဲ့တယ်။ နွယ်နွယ်ကတော့ ဆေးရုံရောက်သွားပါပြီ"ဟု ရွှေပြည်သစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။
ဝက်မှိုင်းတွင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
အလားတူ ကစ္ဆပနဒီတံတားအောက်ဖက်ရှိ ဝက်မှိုင်းကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေါ်အေးသန်းနု(၄၉)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဦးအောင်စံရွှေ(၄၇)နှစ်မှာ လက်မောင်းနှင့် ဒူးဆစ်တို့တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“မိန်းမ တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူက အိမ်ထဲကိုဝင်မလို့ လုပ်တာမှာ ကျောက်တော်တောင်ပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးက ခြံစည်းရိုးဘေးလာကျပြီး ကျည်က လက်မောင်းအောက်ကို ထိသွားတာ။ နောက်ထပ် ယောကျာ်းတစ်ယောက်ကတော့ လက်မောင်းနဲ့ ဒူးဆစ် ဒဏ်ရာရသွားတယ်။ ရွာအခြေအနေကတော့ ဒေသခံတွေအကုန်လုံး ပြေးနေရတယ်။ တိုက်ပွဲတွေဖြစ်တာ မရှိဘဲ ၁၂ နာရီကတည်းကနေ ပစ်နေတာပါ။ အခုလည်း ပစ်နေသေးတယ်"ဟု ဝက်မှိုင်းကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။
အုန်းပတီးတွင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ယင်းအပြင် အုန်းပတီး(မွတ်ဆလင်)ရွာသို့လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်မြို့ခံတစ်ဦးထံမှ သိရသည်။
ပိန္နဲချောင်းနှင့် ပိုက်သည်တွင် ၇ ဦးဒဏ်ရာရ
ပိန္နဲချောင်းရွာနှင့် ရွာအနီးရှိ ရခိုင့်ရှေ့ဆောင်ဆန်စက်သို့လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်မယိုင်စိန်(၆၀)နှစ်၊ ကိုဇော်ဝင်းထွန်း(၄၀)နှစ်၊ မယိုင်(၃၈)နှစ်၊ မိဖြူ(၁၉)နှစ်၊ မနုနုလှိုင်(၁၆)နှစ်၊ မအေးအေး(၁၉)နှစ်နှင့် ပိုက်သည်ရပ်ကွက်မှ ဒေသခံတစ်ဦးတို့မှာ ဒဏ်ရာအသီးသီးရရှိသွားကြောင်း ရွာသားတစ်ဦးကပြောသည်။
"သူတို့ထဲက သက်ကြီးပိုင်းတစ်ယောက်ကတော့ အိမ်မှာအိပ်နေတုန်း လက်နက်ကျည်စထိသွားတာ။ ကျန်တဲ့လူတွေကတော့ စက်ရုံထဲမှာ အလုပ်လုပ်နေရင်း ထိသွားကြတာ။ စက်ရုံလည်း တစ်ခြမ်းလုံး မီးလောင်သွားလို့ မီးသတ်ကားနှစ်စီးနဲ့ လာငြိမ်းလိုက်ရပါတယ်။ လူနာတွေကတော့ မြို့ပေါ်ရောက်သူရောက်၊ နယ်ကဆေးခန်းတွေမှာ ဆေးကုနေကြတာလည်းရှိပါတယ်"ဟု ပိန္နဲချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
မြင်းကြပ်၊ လက်ဆောင်ကောက်ရွာတွင် လေးဦးဒဏ်ရာရ
ထို့ပြင် မြင်းကြပ်ရွာသို့လည်း လက်နက်ကြီးကျည် ကျရောက်သောကြောင့် ဦးကျော်လှိုင်(၅၁)နှစ်၊ ဒေါ်သိန်းသိန်းယိုင်(၂၆)နှစ်တို့ ဒဏ်ရာရရှိသွားသည်။ လက်ဆောင်ကောက်ရွာမှ ဆွေတာမောက်(၃၂)နှစ်နှင့် ရွှေသိန်း(၁၂)နှစ်မှာလည်း လက်နက်ကြီးကျည်ထိမှန်သွားသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။
"လက်နက်ကြီးပစ်လို့ ပုန်းနေတဲ့အချိန် ကျည်စထိသွားပါ။ ရွာမှာ လူတွေလည်း သိပ်မကျန်တော့ဘူး။ပစ်သံက ၁၁ နာရီလောက်မှ တန့်သွားပြီး ၁ နာရီလောက်ဆိုတာနဲ့ ထပ်ပစ်တယ်"ဟု မြင်းကြပ်ရွာသားတစ်ဦးကပြောသည်။
ယနေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က စစ်တွေမှ ကျောက်တော်ဖက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့် မြန်မာစစ်တပ်ဇက်ရေယာဉ် ၂ စီးကို ကျောက်တော်မြို့၊ သကြားစက်ရုံအနီးအနားတွင် ရက္ခိုင့်တပ်တော်(AA)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယင်းနောက် အဆိုပါဇက်ရေယာဉ်တို့မှ ပြန်လှန်ပစ်ခတ်ရာတွင် ကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ ယခုကဲ့သို့ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိပေ။ ထို့ပြင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း ဆက်သွယ်နေဆဲဖြစ်သည်။