- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျုံဒိုးမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရ
ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာအတွင်းသို့ ယမန်နေ့(စက်တင်ဘာ ၆ ရက်)က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
07 Sep 2022
DMG ၊ စက်တင်ဘာ ၇
ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာအတွင်းသို့ ယမန်နေ့(စက်တင်ဘာ ၆ ရက်)က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကျုံဒိုးမြို့နယ် တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအနီးသို့ တပ်မ(၂၂)မှ အင်အား(၅၀)ကျော်မှာ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး ဝင်ရောက်လာမှုကြောင့် ဒေသခံဦးရေနှစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများကပြောသည်။
မြောက်ကြာအင်းကျေးရွာသားတစ်ဦးက “စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ။ အဲလို စစ်ကြောင်းထိုးရင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်။ လက်နက်ကြီးပစ်တာ အချက်ရေအများကြီးပဲ။ တောင်ကြာအင်းရွာထဲကို မှန်တာရှိခဲ့တယ်”ဟု ၎င်းကပြောသည်။
ထိုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးမှာ ခြေထောက်၌ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူထံမှ သိရသည်။
“လက်နက်ကြီးနဲ့ စစ်တပ်ကပစ်လို့ ခြေထောက်ထိမှန်တာ ဘုန်းတော်ကြီးတစ်ပါးနဲ့ ဒေသခံအသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ကို လက်ရှိအချိန်မှာ ဆေးကုသပေးထားပါတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းမှုကြောင့် ကေအန်ယူ တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကြာအင်းကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်(၅)လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြာအင်းကျေးရွာသားတစ်ဦးက “ကျနော့်အိမ်ရှေ့က အိမ်တစ်လုံးနဲ့ လူငယ်ခန်းမဆောင် လက်နက်ကြီးမှန်လို့ ပျက်စီးသွားတယ်။ ရွာထဲကအိမ်တွေလည်း ပျက်စီးကုန်ပါပြီ”ဟု ပြောသည်။
ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများထိခိုက်မှုနှင့် နေအိမ်များ ပျက်စီးမှုရှိကြောင်း ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း မြောက်ကြာအင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲတို့ကြား တင်းမာမှုများရှိနေကြောင်း သိရသည်။