မသန်စွမ်းသူများအတွက် ဥပဒေပါရပိုင်ခွင့်များ ဆုံးရှုံးနေရဆဲဖြစ်

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးများအရ အကာအကွယ်ပေးမှုနှင့် ဘဝရပ်တည်ရေးမြှင့်တင်ပေးမှု အားနည်းနေသည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

26 Apr 2022

DMG ၊ ဧပြီ ၂၆

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးများအရ အကာအကွယ်ပေးမှုနှင့် ဘဝရပ်တည်ရေးမြှင့်တင်ပေးမှု အားနည်းနေသည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေအရ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ်အသီးသီးတွင် အခြားသူများနည်းတူ အသိအမှတ်ပြုရေးနှင့် သာတူညီမျှရရှိရန်၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များအား လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် နေထိုင်ရာ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတွင်ပါဝင်ခွင့်ရရှိရန် စသည့်အခွင့်အရေးများရှိသော်လည်း လက်ရှိတွင်  ထိုဥပဒေပါရပိုင်ခွင့်များကို ဆုံးရှုံးနေရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်းသူများ၏ အခွင့်အရေးဆုံးရှုံးနေရပြီး ယင်းအထဲ နှစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည် ရခိုင်ပြည်အတွင်းတွင် မသန်စွမ်းသူပိုမိုများလာခဲ့ကာ အခွင့်အရေးမှာလည်း နည်းပါးဆဲပင်ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လေးကျေးရွာမှ အသက်(၁၆)နှစ်ရွယ် ၈ တန်းကျောင်းသား မောင်ဦးဘမောင်မှာ မိုင်းထိမှန်မှုကြောင့် ညာဖက်ခြေထောက်ပြတ်ကာ မသန်စွမ်းဖြစ်သွားခဲ့ရပြီး  ဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။

မောင်ဦးဘမောင်က “မသန်စွမ်းဆိုပြီးတော့ လူတွေကဲ့ရဲ့တာတွေခံရတယ်။ သူငယ်ချင်းတွေဆိုရင်လည်း အရင်လို ဖော်ဖော်ရွယ်ရွယ်မရှိတော့ဘူး။ တစ်ယောက်တည်းနေထိုင်ရတယ်။ သူငယ်ချင်းတွေက အရင်လိုမဟုတ်တော့ အားငယ်တယ်။ လူတစ်ယောက်မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရင် အခွင့်အရေးအားလုံးက နည်းပါးသွားပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို အားတင်းပြီးနေနေရတယ်”ဟု ပြောသည်။

ရခိုင်စစ်ပွဲနှင့်ဆက်စပ်ကာ မိုင်းနှင့်ဆက်စပ်ပစ္စည်းတို့ ပေါက်ကွဲမှုအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၄၉ ဦးနှင့် သေဆုံးသူ ၅၄ ဦးရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

သာမန်ပြည်သူများမှာပင် အခွင့်အရေးများ ဆုံးရှုံးနေရပြီး မသန်စွမ်းသူများ၏ရပိုင်ခွင့်များမှာ ပိုမိုဆိုးရွားနေကာ  အစိုးရဖက်မှလည်း မသန်စွမ်းသူများနှင့်ပတ်သက်၍ ပံ့ပိုးပေးမှုအပိုင်းတွင် အလွန်အားနည်းနေသေးသည်ဟု Women Generation အဖွဲ့ ဒါရိုက်တာ မခင်မြင့်ဇော်ကပြောသည်။

“မသန်စွမ်းဖြစ်သွားရတဲ့အတွက် သူတို့ပညာရေးပိုင်းဆိုင်ရာရော၊ လုပ်အားခတွေ၊ နောက်တစ်ခုက သူတို့ကို မှီခိုအားထားနေကြရတဲ့ မိသားစုတွေရှိတယ်ပေါ့နော်။ အဲဒီမိသားစုတွေကအစ ထိခိုက်သွားတာတွေ တွေ့ရတယ်”ဟု မခင်မြင့်ဇော်ကပြောသည်။

ယင်းကြောင့် အစိုးရအနေဖြင့် မသန်စွမ်းသူများအား ဥပဒေအရကာကွယ်မြှင့်တင်ပေးသင့်ပြီး ထိုသို့ကာကွယ်မြှင့်တင်ပေးရာမှာ ပညာရေးမဟုတ်ဘဲ တစ်ခြားသက်မွေးဝမ်းကျောင်းပညာများကိုပါ လုပ်ဆောငပေးသင့်သည်ဟု ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကွန်းဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့သည်။

ပြည်တွင်းဥပဒေတစ်ခုဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် စတင်အတည်ပြု  ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ နည်းဥပဒေကို ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

မသန်စွမ်းသူများအတွက် ဥပဒေကို ၂၀၁၅ ခုနှစ်မှာပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ မှာ ထုတ်ပြန်နိုင်ခဲ့သော်လည်း ထိရောက်သည့်လုပ်ဆောင်ချက်များ မရှိသေးကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။

မသန်စွမ်းသူများ အခွင့်အရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ရာ၌ ကဏ္ဍပေါင်းစုံမှာ လက်လှမ်းမမီသေးဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်ကပြောသည်။

“မသန်စွမ်းသူတွေက လူမှုရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာကဏ္ဍအားလုံးမှာ သန်စွမ်းသူတွေနဲ့ပူးပေါင်းနိုင်အောင် အရည်အချင်းတွေ ဖော်ဆောင်ဖို့လိုအပ်တယ်။ မသန်စွမ်းသူတွေကို သူ့အရည်အချင်းနဲ့ သင့်တော်တဲ့နေရာတွေမှာ လူတစ်ရာမှာ မသန်စွမ်းသူအနည်းဆုံးငါးယောက်ခန့် အလုပ်ခန့်ပေးရမယ်ဆိုတဲ့ အခွင့်အလမ်းတွေက တကယ့်လက်တွေ့မှာ မြို့ကြီးတွေမှာလောက်ပဲရရှိပြီးတော့ ကျွန်တော်တို့ တိုင်းဒေသ၊ ပြည်နယ်တွေမှာ လုံးဝမရသေးတဲ့အနေအထားမှာရှိတယ်”ဟု ဦးလှမြင့်ကပြောသည်။

မသန်စွမ်းသူများအတွက် သက်မွေးဝမ်းကျောင်းသင်တန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဖော်ဆောင်ပေးသင့်ပြီး ကဏ္ဍပေါင်းစုံမှာ မသန်စွမ်းအတွက် ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ဦးလှမြင့်ကဆက်ပြောသည်။

၂၀၁၉ ခုနှစ်တွင် အလုပ်အသမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၅၉၆၈၉၈၆ ဦးရှိပြီး ယင်းအထဲမှ အမြင်အာရုံမသန်စွမ်းသူ ၂၉၀၅၅၉၀ ဦးနှင့် အကြားအာရုံမသန်စွမ်းသူ ၁၀၉၂၈၂၄ ဦးရှိကြောင်း သိရသည်။

ယင်းစာရင်းအရ ရခိုင်ပြည်တွင် မသန်စွမ်းသူစုစုပေါင်း ၅၀၅၅၀၃ ဦးရှိပြီး အမြင်အာရုံမသန်စွမ်းသူ ၂၀၇၀၁၂ ဦးနှင့် အကြားအာရုံမသန်စွမ်းသူ ၁၁၀၂၆၄ ဦးရေအထိရှိကြောင်း သိရသည်။