မီးရှို့ခံရသည့် လက္ကာနှင့်ဖားပြိုကျေးရွာတွင် စစ်ကောင်စီမှ နေအိမ်များဆောက်လုပ်ပေး

တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီ၏ အကူညီဖြင့် ပြန်လည်ဆောက်လုပ်နေသည်ဟု သိရသည်။

02 Jul 2021

DMG ၊ ဇူလိုင် ၂

တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီ၏ အကူညီဖြင့် ပြန်လည်ဆောက်လုပ်နေသည်ဟု သိရသည်။

မီးရှို့ခံရသည့် လက္ကာကျေးရွာတွင် နေအိမ် ၁၉၇ လုံးပျက်စီးသွားပြီး ယင်းနေအိမ်များကို ယခင်မူလနေရာ၌ ပြန်လည်တည်ဆောက်ရန်အတွက် ပြည်နယ်စစ်ကောင်စီမှ တစ်အိမ်လျင် ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းသို့ ထောက်ပံ့ပေးရာတွင် ပထမအကြိမ်အဖြစ် ငွေကျပ် သိန်း ၂၀ နှင့် ဒုတိယအကြိမ် ငွေကျပ် ၁၅ သိန်း ကိုလက်ခံရရှိထားပြီး နေအိမ်ဆောက်လုပ်မှုမှာလည်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လက္ကာကျေးရွာ အိမ်ဆောက်လုပ်ရေးကော်မတီဝင် ဦးထွန်းကျော်ဖြူက ပြောသည်။

"ပိုက်ဆံ သိန်း ၅၀ ဆိုတာ ကျနော်တို့ ဆုံးရှုံးသွားတဲ့ နေအိမ်တန်ဖိုး တစ်ဝက်လောက်တောင် မရှိဘူး။ အခုအိမ်တွေ ဆောက်လုပ်ရာမှာလည်း ကိုယ့်ပိုက်ဆံထည့်ပီး ဝယ်သုံးနေရတာလည်း ရှိတယ်။ အစိုးရဆီက ပေးတဲ့ငွေနဲ့ ဘယ်လိုလုပ်လောက်မှာလဲ။ ဒါပေမဲ့လည်း ရသလောက်ပေါ့နော်" ဟု ဆိုသည်။

လက္ကာ ကျေးရွာတွင် တတိယအကြိမ် ငွေကျပ် ၁၅ သိန်းနှင့် တချို့တစ်ဝက်ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့သည့်ငွေကို လာမည့် ဇူလိုင် နောက်ဆုံးအပတ်တွင် ရရှိမည်ဟုလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ကျေးရွာအတွင်း နေအိမ်များဆောက်လုပ်နေပြီဖြစ်သည့်အတွက် ဒေသခံအများစုမှာ မိမိနေအိမ်သို့ နေထိုင်ရန် ရောက်ရှိနေပြီဖြစ်သော်လည်း တချို့မှာ လုံခြုံရေးစိုးရိမ်နေသည့်အတွက် စစ်ဘေးရှောင်စခန်းများ၌သာ ဆက်လက်နေထိုင်နေကြသည်။

ကျေးရွာနှင့် မနီးမဝေးနေရာများတွင် တပ်မတော်ဗျူဟာများ ရှိနေသည့်အတွက် မိမိကျေးရွာအတွင်း နေထိုင်ရမည်ကို စိုးရိမ်ကာ စစ်ဘေးရှောင်စခန်း၌သာ ဆက်လက် နေထိုင်နေသည်ဟု တိန်ညိုစစ်ဘေး ရှောင်စခန်းတွင် နေထိုင်နေသည့် မခိုင်စိုးဝင်းက ပြောသည်။

"ကျမတို့ ကျေးရွာက အရင်ကတည်းက နာမည်ရှိနေပြီးသားဆိုတော့ တခုခုဆိုရင် တိုက်ပွဲတွေ ဒီမှာ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်။ ကျေးရွာနဲ့မနီးမဝေး သင်းကျစ်တော်တောင်တို့ လင်းမြွေတောင်တို့မှာ တပ်စခန်းတွေ ရှိနေတယ်လေ။ အဲ့တာကြောင့် ပါပါတယ်။ အရင်ချိန်တုန်းက ကြောက်လန့်စိတ်တွေက အခုချိန်ထိ မပြေနိုင်သေးဘူး။ ကလေးတွေဆိုရင်လည်း လန့်နေတုန်းပဲ။ ကိုယ့်ရွာပြန်သွားရင်လည်း လုပ်စားစရာအလုပ်မရှိဘူး။ ဒါကြောင့် ကျမတို့ ကိုယ့်ရွာမှာ ကိုယ်နေဖို့ စိုးရိမ်နေတာပါ" ဟု ဆိုသည်။

မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် မီးလောင်းဆုံးရှုံးသွားသည့် နေအိမ် ၄၁ လုံးအတွက် တစ်အိမ်လျင် ငွေကျပ်သိန်း ၂၀ နှင့် တစ်ချို့ တဝက်ပျက်စီးသွားသည့် နေအိမ် ၄၁ လုံးအတွက် တစ်အိမ်လျင် ငွေ ၅ သိန်းကျပ်စီ ပထမအကြိမ် ထောက်ပံငွေဖြင့် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသခင်ချိုက " အခုဆောက်နေတဲ့ အိမ်တွေကတော့ တိုင်ထူ၊ အမိုးမိုး အဲ့တာတွေပြီးပြီ။ မီးလောင်သွားတဲ့ အိမ် ၄၁ လုံးနဲ့ တချို့တဝက်ပျက်သွားတဲ့ အိမ်တွေအတွက် ပထမ တဖြတ် သိန်းတစ်ထောင်နှင့် နှစ်ဆယ့်ငါးသိန်း ပေးထားပြီဖြစ်တယ်။ အိမ်တွေလည်း ၅၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ" ဟု ဆိုသည်။

မြောက်ဦးမြို့နယ်လက္ကာကျေးရွာတွင် မီးလောင်ဆုံးရှုံးသွားသည့် နေအိမ် ၁၉၇ လုံးနှင့် ဖားပြိုကျေးရွာတွင် နေအိမ် ၄၁ လုံးကို တစ်အိမ်လျှင် ငွေ ကျပ်သိန်း ၅၀ ကို အရစ်ကျပေးပြီး ဆောက်လုပ်နေပြီး ယခုနှစ် မိုးရာသီတွင် မိမိကျေးရွာအတွင်း နေထိုင်နိုင်မည်ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

"ကျနော်တို့က သိန်း ၅၀ ကို အရစ်ကျပေးတယ်။ ပထမ သိန်း ၂၀၊ ဒုတိယ ၁၅ သိန်း၊ တတိယ ၁၅ သိန်း အဲဒီလိုပေါ့နော်။ ဒီနှစ်မိုးရာသီ နေထိုင်လို့ရပါတယ်။ လက္ကာရွာမှာဆိုရင် နေနေကြပြီ။ ကျနော်တို့က သူတို့ကျေးရွာမှာ အမှန်တကယ်နေထိုင်ချင်တယ်ဆိုတဲ့ သူတွေကိုပဲ ဆောက်လုပ်ပေးတာဖြစ်တယ်။ အခုမိုးရာသီအတွက် လယ်စပါးတွေ လယ်ထွန်ပစ္စည်းတွေတောင် ထောက်ပံ့ပေးထားတာ ရှိတယ်" ဟု ဆိုသည်။

တခြားမြို့နယ်များမှ မီးရှို့ခံရသည့် နေအိမ်များနှင့် တချို့တဝက် ပျက်စီးသွားသည့်နေအိမ်များကိုလည်း ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ငွေကြေးလည်ပတ်ရန် ဘဏ်အခက်အခဲရှိနေသည့်အပြင် တချို့မှာ မြေပြင်အနေထားအရ အခက်အခဲရှိနေသည်ဟုလည်း ဦးသန်းထွန်းက ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ၂၀၂၀ ခုနှစ် မေလ ပိုင်းတွင် လက္ကာကျေးရွာအတွင်း နေအိမ် ၁၉၇ လုံးမီးရှို့ခံခဲ့ရပြီး ယင်းကျေးရွာသားများမှာ လက်ရှိအချိန်ထိ ပီပင်ရင်းစစ်ဘေးရှောင်စခန်း၊ တိန်ညိုစစ်ဘေးရှောင်စခန်း၊ မြောက်ဦး စစ်ဘေးစခန်း စသည်တို့တွင် အသီးသီးနေထိုင်နေကြသည်။

အလားတူ မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင်လည်း တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း နေအိမ် ၄၁ လုံး မီးရှို့ခံခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေကြသည်။ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလအတွင်း မီးလောင်ဆုံးရှုံးသွားသည့် ကျေးရွာပေါင်း ၄၅ ရွာနှင့် နေအိမ်ပေါင်း ၁၂၀၀ ကျော် ရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ စာရင်းအရ သိရသည်။