လွိုင်လင်လေးမြို့နယ်အနီး လက်နက်ကြီးကျ၍ ဒေသခံသုံးဦးထက်မနည်း ထိခိုက်သေဆုံး

ကယားပြည်နယ်၊ ရှမ်း-ကယားနယ်စပ်ဖြစ်သည့် လွိုင်လင်လေးမြို့နယ်အနီးကျေးရွာများသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံသုံးဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

03 Jun 2022

လက်နက်ကြီးကျရောက်မှုကြောင့် လွိုင်လင်လေးမြို့နယ်အနီး ကုန်းမှီကုန်းကျေးရွာအတွင်း နေအိမ်အချို့မီးလောင်ကျွမ်းနေမှုမြင်ကွင်း။ Photo Credit - ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)

DMG ၊ ဇွန် ၃

ကယားပြည်နယ်၊ ရှမ်း-ကယားနယ်စပ်ဖြစ်သည့် လွိုင်လင်လေးမြို့နယ်အနီးကျေးရွာများသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံသုံးဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့ (ဇွန်လ ၂ ရက်)နံနက်ပိုင်းက လွိုင်လင်လေးမြို့နယ် လင်ဖုံကြီးနှင့် ကုန်းမှီကုန်းကျေးရွာအတွင်းသို့ မြန်မာစစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ လက်နက်ကြီးဖြင့်ပစ်ခတ်ရာမှ ထိုသို့ဒေသခံများ ထိခိုက်သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် ကုန်းမှီကုန်းကျေးရွာသားတစ်ဦးက ပြောသည်။

"ရွာထဲကို စစ်တပ်တွေ အင်အားအများအကြီးနဲ့ဝင်လာတာ။ နံနက်အစောလောက်ပဲရှိသေးတယ်။ ရွာထဲကိုမဝင်ခင်ကို လက်နက်ကြီးနဲ့ပစ်တာ အချက်ရေများတယ်။ အချက်ရေ ၂၀ ကျော်လောက်ရှိမယ်။ ရွာထဲက သုံးယောက်ထိသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာအတော်ပြင်းတယ်"ဟု ၎င်းဒေသခံကပြောသည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကုန်းမှီကုန်းကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားမှာသေဆုံးသွားခဲ့ကြောင်း စစ်ရှောင်များကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

"အပြင်းအထန်ဒဏ်ရာရရှိခဲ့သူတွေကို စစ်ရှောင်ကူညီရေးဆေးခန်းမှာ ကုသပေးနေပါတယ်။ အဲဒီထိခိုက်တဲ့အထဲက အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်"ဟု စစ်ရှောင်များကို ကုသပေးနေသူတစ်ဦးမှဆိုသည်။

ကုန်းမှီကုန်းနှင့် လင်ဖုံကြီးကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသည့် မြန်မာစစ်တပ်နှင့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား ယမန်နေ့ ညနေ ၅ နာရီအချိန်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း KNDF သတင်းအရင်းအမြစ်ထံမှ သိရသည်။

KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ "လွိုင်လင်လေးမြို့အခြေစိုက်တပ်ရင်း အမှတ်(၅၀၃)က ကုန်းမှီနဲ့လင်ဖုံးကြီးရွာထဲကို အင်အားတစ်ရာကျော်ဝင်လာတာ။ အဲဒါကို ကျွန်တော်တို့အဖွဲ့ကတွေ့တော့ နှစ်ဖက်ပစ်ခတ်တာကနေ တိုက်ပွဲဖြစ်ပွားတာပါ။ တိုက်ပွဲပြီးတော့ စစ်တပ်ကလက်နက်ကြီးနဲ့ အချက်ရေ ၃၀ ကျော်လောက် ရွာတွေထဲကိုပစ်ခတ်တာတွေရှိခဲ့ပါတယ်"ဟု ပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကုန်းမှီနှင့် လင်ဖုန်းကျေးရွာတို့မှ ဒေသခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်အတွင်းနှင့် ရှမ်းပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။