ရခိုင်တွင် မှုခင်းဖြစ်ပွားမှုများလာ၍ တရားဥပဒေစိုးမိုးရေးအပေါ် ဝေဖန်မှုများရှိနေ

ရခိုင်ပြည်အတွင်း မှုခင်းများ ထူပြောလာနေခြင်းမှာ တရားဥပဒေစိုးမိုးရေးအားနည်းချက်ကြောင့်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်ထောက်ပြနေကြသည်။

01 Aug 2022

DMG ၊ သြဂုတ် ၁

ရခိုင်ပြည်အတွင်း မှုခင်းများ ထူပြောလာနေခြင်းမှာ တရားဥပဒေစိုးမိုးရေးအားနည်းချက်ကြောင့်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်ထောက်ပြနေကြသည်။

ယခုနောက်ပိုင်း ရခိုင်က မြို့အချို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု စသည့်အမှုအခင်းများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ကို ကြားသိရသည်။

ယနေ့(သြဂုတ်လ ၁ ရက်)နေ့တွင်လည်း စစ်တွေမြို့တွင် ဓားထိုးမှု နှစ်မှုအထိဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူများမှာ စက်ရုံစုရပ်ကွက်မှ အသက်(၅၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် စံပြရပ်ကွက်မှ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း လူမှုအသင်းအဖွဲ့များထံမှ သိရသည်။

၂၀၂၂ ခုနှစ်အစောပိုင်းမှ ယခုအချိန်ထိ စစ်တွေမြို့တွင် ဓားထိုးခံရပြီးသေဆုံးသည့် ရုပ်အလောင်း ၉ လောင်းအထိရှိကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များ၏စာရင်းအရ သိရသည်။

“အသတ်ခံရတဲ့ လူသေအလောင်းတွေမှာ များသောအားဖြင့် ဓားနဲ့ထိုးပြီးသေဆုံးတာတွေကို ပိုတွေ့ရတယ်။ ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်သတ်မိတာမျိုးမဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ချက်နဲ့ အသတ်ခံရတဲ့ပုံပေါက်တယ်”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်း ဥက္ကဋ္ဌ ကိုလင်းလင်းက DMG သို့ပြောသည်။

သတ်ဖြတ်ခံရသည့်အလောင်းများကို အများအားဖြင့် စစ်တွေဟိုတယ်အနီးမှ အုန်းတော၊ မြက်ပင်များကြားနှင့် တံတားအောက်ကဲ့သို့နေရာများ၌ တွေ့ရှိရသည်ဟု ကိုလင်းလင်းကဆက်ပြောသည်။

ထိုသို့မှုခင်းဖြစ်ပွားမှုများလာခြင်းသည် တရားဥပဒေစိုးမိုးရေး အားနည်းချက်ကို ပြသနေခြင်းဖြစ်သည်ဟု လူမှုအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“အခုလိုမျိုး ရခိုင်ဒေသမှာ ခိုးမှု၊ လုယက်မှုတွေ တောက်လျှောက်ကျူးလွန်မှုတွေဖြစ်ပေါ်နေတာကို တွေ့ရတယ်။ ဒီလို ရာဇဝတ်မှုတွေ ပိုပြီးကျူးလွန်နေတဲ့အနေအထားက အထူးသဖြင့် တရားဥပဒေစိုးမိုးမှု မရှိတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်လို့ ကျွန်မတို့သုံးသပ်တယ်”ဟု ၎င်းကပြောသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးတွင် အကျပ်အတည်းများကြုံတွေ့လာရသည့်အတွက် ယခုကဲ့သို့ရာဇဝတ်မှုများ ဖြစ်ပေါ်လာခြင်းဟုလည်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ဌာနဆိုင်ရာရုံးများတည်ရှိရာ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ယခုကဲ့သို့ အမှုအခင်းများထူပြောနေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်မှုများလည်းရှိနေကြသည်။

“အလုပ်ကနေ အိမ်ကို နောက်ကျပြီးမှပြန်ရတာတွေရှိတယ်။ အဲဒီလိုအခြေအနေမှာဆိုရင် တစ်ယောက်ယောက်က ကိုယ့်ကိုတစ်ခုခုမလုပ်နိုင်ဘူးဆိုတာ ပြောလို့မရဘူးလေ။ အပြင်တွေ ဘာတွေသွားဖြစ်ရင်လည်း အရင်ကဆို နည်းနည်းနောက်ကျမှ အိမ်ပြန်ဖြစ်တာတွေရှိတယ်။ သတင်းတွေကြားရတဲ့နောက်ပိုင်း မသွားရဲတော့ဘူး”ဟု စစ်တွေမြို့တွင်နေထိုင်သူ မမြတ်ယုမွန်က ပြောသည်။

မှုခင်းဖြစ်စဉ်များတွင် တရားခံများကို ဖမ်းဆီးအရေးယူမှုအပိုင်းတွင်လည်း အားနည်းလျက်ရှိသည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ဒေသအတွင်းဖြစ်ပွားလာသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီမှာ အဓိကတာဝန်ရှိသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

“လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီကိုပဲ အဓိကပြောချင်တယ်။ သူတို့က ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ်။ မြို့ပေါ်မှာဆိုလို့ရှိရင်လည်း လုံခြုံရေးတွေကို အဓိကတာဝန်ယူရမယ်။ အခုက ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူတာတွေလည်း သိပ်မတွေ့ရဘူး”ဟု ဦးမြတ်ထွန်းကပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့သော အိုးတန်းဆန်ပွဲရုံပိုင်ရှင် အမျိုးသမီး အသတ်ခံရမှု၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရမှု၊ ကမ္ဘောဇဘဏ်ခွဲ(၂) ဓါးပြတိုက်ခံရသည့်အမှုနှင့် မုန့်လက်ကောက်ရောင်းသည့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးမှု စသည့်အမှုများမှာလည်း ယနေ့ထိ တရားခံကို ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သက်လွင်က “လူသေအလောင်းတွေ့တယ်ဆိုရင် နှစ်ခုပဲ။ ဒဏ်ရာနဲ့ဆိုရင် လူသတ်မှုဖြစ်တယ်။ ဒဏ်ရာနဲ့မပေါ်ဘူးဆိုရင် သေမှုသေခင်းဖွင့်တယ်။ ဆေးစစ်ခိုင်းတယ်။ ဆေးစစ်ခိုင်းလို့ပြီးရင် ဒဏ်ရာမပေါ်ဘူးဆိုရင် သေမှုသေခင်းပေါ့။ ဘာကြောင့်သေတာလဲ။ ရဲလုပ်ငန်းဆက်လုပ်တာပေါ့။ ဒဏ်ရာဆိုရင် လူသတ်မှုဖွင့်တယ်။ ပြီးတော့ တရားခံကိုစုံစမ်းဖော်ထုတ်တာပေါ့။ အဲဒါတွေကတော့ ပြောလို့မရဘူး။ ငါတို့ဘာလုပ်နေလဲဆိုတာ ပြောလို့မရဘူး”ဟု ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ အုပ်ချုပ်ရေးကိစ္စများကို လုပ်ဆောင်နေသလို ULA/AA ကလည်း ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိနေသည်။

လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးက “ကျွန်မတို့ ခွဲခြားလို့မရတာက ဘယ်ကနေ ဘယ်သူတွေနဲ့ပိုပြီးတော့မှ သက်ဆိုင်မှုရှိတယ်ဆိုတာကို ပြည်သူတွေအနေနဲ့ စဉ်းစားရခက်တယ်။ တိုင်ကြားမှုတွေအတွက်ဆိုလို့ရှိရင်လည်း ဘယ်သူက တာဝန်ယူမလဲဆိုတာက တော်တော်လည်းအခက်အခဲရှိတယ်။ တရားဥပဒေစိုးမိုးရေးအတွက်ဆိုလို့ရှိရင်လည်း ဘယ်သူ့ကိုတိုက်တွန်းရမလဲဆိုတာလဲ အခက်အခဲဖြစ်တယ်”ဟု ပြောသည်။

ယင်းအခြေအနေများက ပြစ်မှုကျူးလွန်သူများအတွက် ထပ်မံပြီးကျူးလွန်ရန် အခွင့်အရေးပေးသည့်ပုံစံဖြစ်နေကြောင်း အဆိုပါအမည်မဖော်လိုသည့်အမျိုးသမီးက ဆက်၍ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်းဖြစ်ပွားနေသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းများ မရှိပါက ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။