- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မာန်အောင်တွင် လျှပ်စစ်မီးမရ၍ ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို မီးစက်စနစ်ဖြင့် လည်ပတ်ရန်စီစဉ်ထား
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို လျှပ်စစ်မီးမရရှိသဖြင် မီးစက်စနစ်ဖြင့်လည်ပတ်ရန်စီစဉ်ထားကြောင်း စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
07 Aug 2021
DMG ၊ သြဂုတ် ၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို လျှပ်စစ်မီးမရရှိသဖြင် မီးစက်စနစ်ဖြင့်လည်ပတ်ရန်စီစဉ်ထားကြောင်း စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
အစိုးရမှ မာန်အောင်မြို့နယ်ကို ဆိုလာစနစ်ဖြင့် မီးပေးထားခြင်းဖြစ်ပြီး လက်ရှိတည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံ လည်ပတ်ရန်မှာ ဓာတ်အားလိုက်မမီနိုင်သဖြင့် မီးစက်ဖြင့်လည်ပတ်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခု သြဂုတ်လ ၈ ရက်နေ့တွင် အောက်ဆီဂျင်ထုတ်စက်ရုံကို စတင်တည်ဆောက်သွားမည်ဖြစ်ကာ ပြီးစီးရန် အချိန် ၂ လခန့် ကြာမြင့်နိုင်ကြောင်း ၎င်းစက်ရုံတည်ဆောက်ရေး ဥက္ကဋ္ဌ ဦးကျော်မြက ပြောသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းနှင့် မီးစက်ဝယ်ယူခြင်းများအတွက် စုစုပေါင်းကုန်ကျငွေမှာ ငွေကျပ်သိန်း ၈၀၀ ကျော်အထိရှိကြောင်းလည်း ၎င်းကဆိုသည်။
"မီးစက်ကိုလဲ ကျနော်တို့ ကိုယ်ထူကိုယ်ထစနစ်နဲ့လည်ပတ်ဖို့ လုပ်ထားပါတယ်။ အကုန်လုံးရဲ့ကုန်ကျငွေက သိန်း ၈၀၀ ကျော်လောက်ရှိတယ်။ ရေရှည်လည်ပတ်နိုင်ဖို့ကိုလဲ စီစဉ်ထားတယ်။ ထွက်လာတဲ့အောက်ဆီဂျင်ကိုတော့ အခြေအနေပေါ်မူတည်ပြီး သုံးစွဲဖို့လုပ်ဆောင်ထားတယ်" ဟု ပြောသည်။
မာန်အောင်မြို့နယ်သည် အခြားမြို့နယ်များနှင့်ဆက်သွယ်သွားလာရန် ရေကြောင်းတစ်ခုတည်းကိုသာအားထားနေရပြီး ရာသီဥတုအခြေအနေကြောင့်မသွားရောက်နိုင်ပါက လိုအပ်သည့်အောက်ဆီဂျင်များ ပြတ်လပ်မှုရှိမည်ကိုစိုးရိမ်ကြောင်းလည်း ပြောသည်။
လက်ရှိ မာန်အောင်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာ ၁၁ ဦးရှိပြီး ၁၀ ဦးမှာ အောက်ဆီဂျင်ပေးထားရကြောင်း သိရသည်။
မာန်အောင်မြို့နယ်မှ ကိုဗစ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် စေတနာရှင်လူမှုကူညီရေးအသင်း(နာရေး) ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က "မာန်အောင်ဆေးရုံတွင် အောက်ဆီဂျင် ၄၀ လီတာ တစ်လုံးသာကျန်ရှိပြီး အောက်ဆီဂျင်ပြတ်လပ်မည်ကိုစိုးရိမ်နေရကာ ကျောက်ဖြူသို့ပို့ထားသည့်အောက်ဆီဂျင်ရရှိမှအဆင်ပြေမည်ဖြစ်ကြောင်း" ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ယနေ့နေ့လည်ပိုင်းအထိ မာန်အောင်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၅ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၁၀ ဦးရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များတွင်လည်း ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်ထုတ်စက်ရုံများတည်ဆောက်နိုင်ရန်ကြိုးပမ်းလျက်ရှိကြသည်။ လက်ရှိမှာ မြောက်ဦးမြို့မှ အောင်ဆီဂျင်ထုတ်လုပ်နေပြီဖြစ်ကာ မကြာသေးမီရက်ပိုင်းက လျှပ်စစ်မီးပြတ်တောက်ခဲ့မှုကြောင့် အခက်အခဲများဖြစ်ခဲ့ရကြောင်း သိရသည်။
ယခု မာန်အောင်မြို့တွင်တည်ဆောက်ရန်ကြိုးပမ်းနေသည့် အောက်ဆီဂျင်ထုတ်စက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာ အလုံး ၄၀ ထွက်ရှိနိုင်မည်ဟုလည်း တာဝန်ရှိသူများထံမှ သိရသည်။