- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်မြို့ပေါ် စစ်ရှောင်စခန်းတစ်ခုကို မြန်မာစစ်တပ်က ညဉ့်အချိန်ဝင်ရောက်ကာ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဒေသခံများစိုးရိမ်နေ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းကို ယနေ့(အောက်တိုဘာလ ၄ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် မြန်မာစစ်တပ်ကဝင်ရောက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ စစ်ဘေးရှောင်များအပါအဝင် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
04 Oct 2022
DMG ၊ အောက်တိုဘာ ၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းကို ယနေ့(အောက်တိုဘာလ ၄ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် မြန်မာစစ်တပ်ကဝင်ရောက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ စစ်ဘေးရှောင်များအပါအဝင် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းသို့ မြန်မာစစ်တပ်က ကား ၅ စီးဖြင့်ဝင်ရောက်လာကာ နေရာ ၃ နေရာမှ လူစုခွဲပြီး သေနတ်များဖြင့် မိုးပေါ်သို့ထောင်ပစ်ခဲ့ကြောင်း စစ်ဘေးရှောင်များကပြောသည်။
“ဒီနေ့ သန်းခေါင်ယံလောက်က ကား ၅ စီးနဲ့ သူတို့(စစ်တပ်)က ဝင်လာပြီးတော့ လူစုခွဲပြီးတော့ နေရာ(၃)ခုကနေ မိုးပေါ်ကို ထောင်ပစ်သွားတယ်။ ဘယ်ဖက်ကိုပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ဘာသတင်းကြားလို့ အခုလိုလာပစ်တယ်ဆိုတာလဲ ကျနော်တို့မသိဘူး။ အိမ်တွေကို စစ်ဆေးခဲ့တာတော့ မရှိပါဘူး”ဟု ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။
ထိုသို့ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်စခန်းတွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း စစ်ဘေးရှောင်တချို့မှာ ကြောက်လန့်ပြီး မိမိနေရပ်သို့ပြန်သွားကြကြောင်း နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“စခန်းမှာတော့ ထိခိုက်တာတွေမရှိဘူး။ ဒါပေမယ့် အိမ်ထောင်တစ်စု၊ နှစ်စုကတော့ မနေရဲလို့ ထွက်ပြေးသွားကြတယ်။ ကျနော်တို့မှာဆိုရင် နေရပ်ကိုလည်း မပြန်ရဲကြဘူး။ ရွာမှာစစ်သားတွေက တပ်စွဲထားတယ်။ အခုလိုပစ်တော့ ဘယ်ကိုသွားလို့ သွားရမှန်းမသိဘူး။ သွားစရာနေရာလည်းမရှိဘူး”ဟု ၎င်းကဆိုသည်။
ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ် စည်တောင်၊ နွားရုံတောင်၊ စံဂိုးတောင်၊ ဥယျာဉ်သာ၊ သျှစ်သျားတောင် စသည့်ကျေးရွာတို့မှ လူဦးရေ ၆၅၇ ဦးရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ရန်အောင်မြေစစ်ဘေးရှောင်သို့ မြန်မာစစ်တပ်က ဝင်ရောက်ပြီး သေနတ်ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။
ယခုလို့ စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်ပြီး သေနတ်ပစ်ခတ်မှုပြုလုပ်ခြင်းမှာ ပြည်သူများကို အကြောက်တရားဖြစ်အောင် လုပ်ဆောင်နေခြင်းဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်သည်။
“ဒီလိုလုပ်တာတွေဟာ ရခိုင်လူထုကို ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်။ ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်နေတာ။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့အတွက် အတင်းအဓမ္မ တွန်းပို့နေတာတွေ ရှိတယ်။ ဒါတွေကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်တယ်”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စစ်ဘေးဒုက္ခသည်အချို့ကို အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးမှုများရှိနေသည်။