- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်တွင် လက်နက်ကြီးကျည် ထိမှန်၍ သတ္တမတန်းကျောင်းသူတစ်ဦး သေဆုံး
ရွာပြင်ရှိ သုဿန်သို့သွားပါက ပစ်ခတ်ခံရမည်ကို စိုးရိမ်၍ သေဆုံးသူ၏အလောင်းကို အဆင်ပြေသည့်နေရာတွင် မြှုပ်နှံရန် စီစဉ်နေ။
19 Oct 2022
ပြိန်းတောကျေးရွာသို့ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ် မငြိမ်းအေးစံ။ ဓာတ်ပုံ-ပေးပို့
DMG ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာတွင် ယနေ့(အောက်တိုဘာလ ၁၉ ရက်) မွန်းလွဲ ၁၁ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး သေဆုံးသွားခဲ့သည်။
မငြိမ်းအေးစံ(၁၃)နှစ်မှာ မိဘများ တခြားရွာသို့သွား၍ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ရွာနှင့် ၄ မိုင်ခန့် ဝေးသော ရေစိုးချောင်းဗျူဟာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူ့ မိဘတွေက စေတီတောင်ရွာကို ခဏသွားနေတုန်း အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာ။ အိမ်ထဲမှာ ထိုင်နေတုန်း လက်နက်ကြီးက အိမ်ခေါင်မိုးပေါ်ကျလာပြီး လက်နက်ကြီးအစတွေက သူ့နောက်ကျော တစ်ခုလုံးကို ဖောက်သွားတယ်။ ကလေးကတော့ ပွဲချင်းပြီး သေဆုံးသွားတာပါ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါဒေသခံက ပြောသည်။
ယနေ့တွင် ပြိန်းတောကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယမြောက် ကျရောက်သည့်လက်နက်ကြီးမှာ အဆိုပါမိန်းကလေး၏ နေအိမ်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သေဆုံးသူ မိန်းကလေးအလောင်းကို ရွာ၌သင်္ဂြိုလ်ရန် အဆင်မပြေသည့်အတွက် နီးစပ်ရာနေရာတစ်ခုခုသို့ သယ်ယူရန် စီစဉ်နေကြကြောင်း ဒေသခံဦးတင်ရွှေက ပြောသည်။
“ရွာပြင်ကို အလောင်းမြေမြှုပ်ဖို့ ထွက်ရင်လည်း မညှင်းတောင်ဖက်က လှမ်းပစ်မှာကိုကြောက်ရတယ်။ ဒါကြောင့် အလောင်းကို ဖျာနဲ့လိပ်ပြီး အဆင်ပြေတဲ့တစ်နေရာကိုရောက်မှ သင်္ဂြိုလ်ဖို့ စီစဉ်နေကြတယ်။ ဒီနေ့ ကျနော်တို့ ရွာဖက်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဒါတောင် ယမ်းပစ်သွားတာ။ ကျနော်တို့အတွက် လုံခြုံမှုဆိုတာ မရှိတော့ဘူး”ဟု ၎င်းကပြောသည်။
ပြိန်းတောကျေးရွာသားများမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင် စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ သို့သော် စစ်ဘေးရှောင်စခန်းများတွင် စားသောက်ရေးကျပ်တည်းလာသောကြောင့် နေရပ်တွင် လုပ်ကိုင်စားသောက်ရန် ပြန်ရောက်နေကြသည်မှာ ၂ ရက်ခန့်သာ ရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံများမှာ လက်နက်ကြီးကျည် ကျရောက်မှုများကြောင့် ကျေးရွာ၌ မနေရဲကြတော့ဘဲ ထပ်မံထွက်ပြေးသွားကြပြီဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဒိုင်းနက်ပြင်(မွတ်ဆလင်)ရွာအနီးသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။ ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့နယ်မှ ဒေသခံ ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။