မင်းပြားမြို့ပေါ်တွင် လက်နက်ကြီးကျ၍ နေအိမ်တချို့ ထိခိုက်ပျက်စီး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အလယ်ဈေးရပ်ကွက်(မြို့မဈေးကြီးအနီး)တွင် ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၁ နာရီအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

25 Sep 2022

မင်းပြားမြို့ပေါ် နေအိမ်တစ်ဆောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးသွားသည်ကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အလယ်ဈေးရပ်ကွက်(မြို့မဈေးကြီးအနီး)တွင် ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၁ နာရီအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

"လူတွေ အိပ်မောကျနေတဲ့အချိန်ဆိုတော့ ဘယ်နားကပစ်လို့ပစ်မှန်းမသိလိုက်ဘူး။ လက်နက်ကြီးကျလာတော့မှဘဲ သိကြတာ။ မြို့ထဲမှာ သုံးချက်လောက်ကျတယ်။ ဈေးနားက အိမ်နှစ်အိမ်လောက်ကတော့ ပြတင်းပေါက်မှန်တွေ အကုန်ကွဲသွားတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

မင်းပြားမြို့တွင် ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများ စတင်ဖြစ်ပေါ်လာသည့်အတွက် မြို့သူ၊မြို့သားများအနေဖြင့် အထိတ်တလန့်ဖြစ်နေကြသည်ဟု မင်းပြားဒေသခံ ကိုဆန်းဦးကပြောသည်။

"အခုဆိုရင် မြောက်ဦးတို့၊ ကျောက်တော်တို့မှာ ညအချိန်ပစ်ခတ်မှုတွေလုပ်နေတဲ့ သတင်းတွေကို အမြဲကြားနေရတော့ ကိုယ့်မြို့မှာလည်း ဘယ်နေ့ဖြစ်လာမလဲဆိုပြီး အထိတ်တလန့်ဖြစ်နေကြတာ။ ဒီနေ့တော့ ကျနော်တို့မြို့မှာလည်း ပစ်ခတ်မှုတွေစဖြစ်လာပြီ။ နောက်ထပ်မဖြစ်လာဘူးလို့လည်း ပြောလို့မရသလို ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်။ ဒါကြောင့် ကျနော်တို့မြို့သူ၊မြို့သားတွေအနေနဲ့ အရမ်းကိုသတိထားဖို့လိုလာပါပြီ"ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်ရက်များတွင် မြန်မာစစ်တပ်က မင်းပြားမြို့ထဲသို့ လာရောက်ကာ ဆိုင်ကယ်လိုင်စင်များကို မကြာခဏစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် စစ်သားများ မြို့ထဲသို့လာရောက်မှုမရှိကြောင်းနှင့် မြို့အခြေအနေမှာလည်း ပုံမှန်အနေအထားတွင်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင်လည်း စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။