- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည်နယ်မှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ
ရခိုင်ပြည်နယ်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
28 Oct 2021
DMG ၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
ရခိုင်ပြည်နယ် (၁၇)မြို့နယ်အတွင်းမှာ ၂၀၂၀ ခုနှစ်က လူသတ်မှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ယင်းအမှုဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၉၇ မှုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လူသတ်မှုလေးမှုကို အမှုပိတ်သိမ်းခဲ့ပြီး ၂၁ မှုကို တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မှုခင်းမှတ်တမ်းစာရင်းများအရ ကိုးလအတွင်း လူသတ်မှုမှာ ၇၅ မှုဖြစ်ပွားခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံနေရသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၃၉ မှုနှင့် စုံစမ်းစစ်ဆေးနေဆဲအမှု ၃၆ မှုကျန်ရှိနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး(မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG ကိုပြောသည်။
“လူသတ်မှုအများစုက အရက်သေစာသောက်စားရာကနေ ဒေါသစိတ်ကိုမထိန်းနိုင်တဲ့အတွက် အမှုဖြစ်တာပိုများတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လူသတ်မှုအပါအဝင် အခြားမှုခင်းဖြစ်စဉ်များကိုလည်း လျော့နည်းကျဆင်းစေရန် ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်မှုများ တိုးမြင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။