မောင်တောတွင် ရွှေကျပ်ချိန် ၃၉၀ ရှိသည့် ရွှေချောင်း ၃၉ ချောင်းနှင့် ငွေသားကျပ်သိန်း နှစ်ထောင်တို့ကို သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ဝင်စစ်ဆေးရေးဂိတ်တွင် ရွှေကျပ်ချိန် ၃၉၀ ပမာဏရှိသည့် ရွှေချောင်း ၃၉ နှင့် ငွေသားကျပ်သိန်းနှစ်ထောင်ကို သြဂုတ်လ ၁၅ ရက် ညနေ ၅ နာရီအချိန်ခန့်က သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

16 Aug 2021

DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့ဝင်စစ်ဆေးရေးဂိတ်တွင် ရွှေကျပ်ချိန် ၃၉၀ ပမာဏရှိသည့် ရွှေချောင်း ၃၉ နှင့် ငွေသားကျပ်သိန်းနှစ်ထောင်ကို သြဂုတ်လ ၁၅ ရက် ညနေ ၅ နာရီအချိန်ခန့်က သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

“မနေ့ကညနေမြို့ဝင်ဂိတ်မှာ အဖွဲ့ပေါင်းစုံက သတင်းအရမသင်္ကာတဲ့သုံးဘီးကို တားဆီးစစ်ဆေးရာမှာ ရွှေချောင်း ၃၉ ချောင်း၊ တစ်ချောင်းမှာ ၁၀ ကျပ်စီဆိုတော့ ကျပ်ခြေ ၃၉၀ နဲ့ ငွေသားသိန်း ၂၀၀၀ စစ်ဆေးတွေ့ရှိပြီးဖမ်းမိတာ” ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက DMG ကိုပြောသည်။

ယင်းသို့ဖမ်းဆီးရရှိမှုနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်ဦးကလည်း အတည်ပြုပြောဆိုသည်။

“မနေ့က ရွှေချောင်းတွေနဲ့ ငွေသားတွေဖမ်းဆီးရမိတယ်။ ဖမ်းမီထားတဲ့ တရားခံတစ်ဦးကို ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့အမှုဖွင့်ထားတယ်။ ဒီနေ့ ချုပ်ရမန်ရယူသွားမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

သြဂုတ် ၁၅ ရက်နေ့က မောင်တောမြို့ ၃ မိုင် သာစည်ကျေးရွာနေသူ မောင်းနှင်လာသည့် အဖြူရောင် သုံးဘီးဆိုင်ကယ်အား မသင်္ကာ၍စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် မြွေခွံအိတ်အဖြူရောင် အိတ်နှင့် ထည့်ထားသည့် ငွေသားသိန်းနှစ်ထောင်နှင့် ပလပ်စတစ်ဗူးဖြင့်ထည့်ထားသည့် ရွှေချောင်း ၃၉ ချောင်းအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာဉ်မောင်းအားစစ်ဆေးချက်အရ သုံးဘီးဆိုင်ကယ်၏နောက်တွင် CLICK Auto အမျိုး အစား၊ အဝါရောင်ဆိုင်ကယ်ဖြင့်လိုက်ပါလာသော မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်တွင် ယာယီ

နေထိုင်သည့် ဦးထွန်းသာစိန်၏ ပစ္စည်းများဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ပိုင်ရှင်ဖြစ်သူဦးထွန်းသာစိန်မှာ စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ဘောက်သီးစုရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာအရက္ခဗျာလကုမ္ပဏီ(ရန်ကုန်/မောင်တော)၏မန်နေဂျာဖြစ်ကာ ကုမ္ပဏီ လုပ်ငန်း၌အသုံးပြုရန် ငွေသားများယူဆောင်ရာ၌ငွေပမာဏများ၍ ရွှေထည်အဖြစ် ယူဆောင်လာခြင်း ဖြစ်ကာ မောင်တောမြို့တွင် ပြန်လည်ရောင်းချရန်ဖြစ်ကြောင်းစစ်ဆေးထွက်ဆိုထားသည်ဟုလည်း ရဲမှတ်တမ်းတွင်ဖော်ပြချက်အရ သိရသည်။

လက်ရှိမှာ ပိုင်ရှင်ဖြစ်သူအား မောင်တောမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်လှစ် ထားပြီး ယနေ့သြဂုတ် ၁၆ ရက် မောင်တောမြို့နယ်တရားရုံးမှ ချုပ်ရမန်ရယူခဲ့ကြောင်း မောင်တောမြိုနယ်စခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက ပြောဆိုသည်။