မောင်တောမြောက်ပိုင်းဒေသအတွက် INGO,NGO များ (၁၀)ရက်စာ ရိက္ခာထောက်ပံ့ခွင့်ရ

မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများသွားပို့မည့် INGO,NGO များကို ၁၀ ရက်ခန့်ကြာ ပိတ်ပင်တားဆီးမှုများရှိရာမှ ယနေ့(ဇူလိုင်လ ၂၈ ရက်)မှစတင်ကာ အကန့်အသတ်ဖြင့် သွားရောက်ထောက်ပံ့ခွင့်ပြုလိုက်သည်ဟု သိရသည်။

28 Jul 2022

DMG ၊ ဇူလိုင် ၂၈

မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများသွားပို့မည့် INGO,NGO များကို ၁၀ ရက်ခန့်ကြာ ပိတ်ပင်တားဆီးမှုများရှိရာမှ ယနေ့(ဇူလိုင်လ ၂၈ ရက်)မှစတင်ကာ အကန့်အသတ်ဖြင့် သွားရောက်ထောက်ပံ့ခွင့်ပြုလိုက်သည်ဟု သိရသည်။

အဆိုပါဒေသရှိ ကျေးရွာများသို့ INGO,NGO များသည် တစ်ကြိမ်သွားလျှင် တစ်လစာရိက္ခာထောက်ပံ့မှုရှိခဲ့သည်။ သို့သော် ယနေ့ခွင့်ပြုလိုက်သည့်နေ့တွင် တစ်လစာထောက်ပံ့ခွင့်မပြုဘဲ (၁၀)ရက်စာသာ ထောက်ပံ့ခွင့်ပြုကြောင်း ကူညီပံ့ပိုးနေသည့် အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့တွင် INGO,NGO အဖွဲ့အစည်းတစ်ချို့သည် အဆိုပါဒေသသို့ ရိက္ခာတစ်လစာ အပြည့်တင်ဆောင်ပြီး သွားရောက်ရာတွင် ကျီးကန်းပြင်နယ်ခြားစောင့်တပ်မှ တစ်လစာထောက်ပံ့ခွင့်မပြုကြောင်း ပြောဆိုလိုက်သဖြင့် ပြန်လှည့်လာရကာ ယနေ့တွင် (၁၀)ရက်စာထောက်ပံ့ရန် သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“အခုက တစ်လစာမဟုတ်ဘဲ ဆယ်ရက်စာဆိုတော့ ရွာသားတွေအတွက် တော်တော်လေးကို အကျပ်အတည်းဖြစ်သွားမယ်။ ဒီဘက်က ထောက်ပံ့ပေးမယ့်သူတွေကလည်း ဆယ်ရက်တစ်ကြိမ် မသွားနိုင်ဘူး။ နောက်တစ်ကြိမ်သွားမယ်ဆိုရင် ပြည်နယ်အစိုးရ(စစ်ကောင်စီ)ဆီမှာ ထပ်ပြီးခွင့်ပြုချက်တင်ရမယ်။ တော်တော်လည်းကို အကျပ်အတည်းဖြစ်သွားတယ်”ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် INGO,NGO များကို အဆိုပါဒေသသို့သွားလာရန် ကန့်သတ်ခဲ့သည်။ ယင်းနောက် ဒေသခံများမှာ စားနပ်ရိက္ခာခက်ခဲမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု သိရသည်။

လက်ရှိတွင် ဒေသအခြေအနေများ တည်ငြိမ်နေသော်လည်း ရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများမှာ အပြင်မထွက်ရဲကြဘဲ စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု မြဝတီကျေးရွာမှ မသန်းသန်းဝင်းက ပြောသည်။

“အရင်ကတော့ (WFP)တို့က ကူညီထောက်ပံ့တာတွေရှိတယ်။အခုက ကားတွေသွားလာလို့မရတော့ စားနပ်ရိက္ခာတွေ မရောက်ဘူး။ သွားလာခွင့်ပိတ်ထားတဲ့အတွက် အခုရှာပြီး အခုစားဝတ်နေရေးကို ဖြေရှင်းနေတဲ့သူတွေအတွက် အခက်အခဲရှိတယ်။ တောင်ယာလုပ်တဲ့သူတွေဆိုရင်လည်း စိုးရိမ်ပြီး မသွားရဲတာရှိတယ်။ လယ်လုပ်တဲ့သူတွေကလည်း မသွားရဲဖြစ်နေကြတယ်။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ သူတွေအတွက် အခက်အခဲရှိနေတယ်”ဟု သူကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မောင်တောဒေသပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့် NGO၊INGOs အဖွဲ့အစည်းအချို့မှ ဆန်၊ဆီ၊ဆား၊ဆပ်ပြာနှင့် ကလေးအာဟာရမှုန့်များအပါအဝင် ရိက္ခာများ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ရိက္ခာများ ပြန်လည်ထောက်ပံ့ခွင့်ပြုလိုက်သည်ဆိုသော်လည်း အကန့်အသတ်ဖြင့်သာဖြစ်သောကြောင့် မောင်တောမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက စစ်ကောင်စီကိုဝေဖန်သည်။

“တိုက်ပွဲဖြစ်တာနဲ့ ပြည်သူနဲ့က ဘာမှမဆိုင်ဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကအစ အဆင်ပြေဖို့အတွက် လုပ်ပေးရမှာက အခုလက်ရှိအုပ်ချုပ်နေတဲ့သူတွေမှာ တာဝန်ရှိတယ်။ အခုလို တင်းကျပ်လိုက်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ အဘက်ဘက်က ချွတ်ယွင်းသွားမယ့်အခြေအနေရှိတယ်။ဒါက မလုပ်သင့်တဲ့ကိစ္စလို့မြင်တယ်။ အဓိကတော့ ပြည်သူတွေကို အနှောက်အယှက်မပေးဖို့အရေးကြီးတယ်။ ပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်ရအောင် ခွင့်ပြုသင့်တယ်”ဟု သူကပြောသည်။

ထို့ပြင် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ကာ မြန်မာစစ်တပ်က ပိတ်ထားခဲ့သော မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကားလမ်းများ ကိုလည်း ယနေ့ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

“မောင်တောမြောက်ပိုင်း ကားလမ်းတွေ ဒီနေ့မနက်က ပြန်ဖွင့်ပါပြီ။ ကျနော် အဲဒီလမ်းက ဒီနေ့ဖြတ်လာတာပါ။ အစစ်အဆေးမေးမြန်းတာတွေလည်း မရှိပါဘူး။ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ လို့ရပါပြီ”ဟု ကြိမ်ချောင်းကျေးရွာမှ ကားသမား ကိုညီချေကပြောသည်။

ကားလမ်းများကို ပိတ်ထားစဉ်ကာလတွင် မောင်တောမြောက်ပိုင်းမှ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများမှာ စားဝတ်နေရေး၊ စီးပွားရေး အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။

“ကျနော်တို့ ပြည်သူလူထုအနေနဲ့ လမ်းတွေပြန်ဖွင့်ပေးတော့ ဝမ်းသာပါတယ်။ ကျနော်တို့အနေနဲ့ အဲလိုလမ်းတွေပိတ်ထားတော့ ဒီဘက်ကပြည်သူတွေမှာ စားဝတ်နေရေးအခက်အခဲတွေ တော်တော်ကြုံရမှာပါ။ ကျနော်တို့ ဒီမောင်တောမြောက်ပိုင်းမှာက ဈေးတွေဘာတွေလည်း မရှိဘူး။ တစ်နေ့စာ တစ်နေ့ မောင်တောကပဲမှာပြီး စားနေကြတာပါ”ဟု မောင်တောမြို့နယ် သက်ကိုင်းညှာရွာမှ ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ ဆောင်ပညာကျေးရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း သုံ့ပန်း ၁၄ ဦးနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။