မောင်တောတွင် ဒေသခံတစ်ဦး မိုင်းထိမှန်မှုကြောင့် ခြေတဖက်ဆုံးရှုံးလိုက်ရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်း(မြို)ကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့(ဒီဇင်ဘာ ၃) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

By Admin 03 Dec 2022

မောင်တောတွင် ဒေသခံတစ်ဦး မိုင်းထိမှန်မှုကြောင့် ခြေတဖက်ဆုံးရှုံးလိုက်ရ

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ မောင်ကိန်းပေါ်အားတွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG | ဒီဇင်ဘာ ၃

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်း(မြို)ကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့(ဒီဇင်ဘာ ၃) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် (၁၉) နှစ်အရွယ် မောင်ကိန်းပေါ် ဖြစ်ပြီး ဝက်ကျန်းကျေးရွာ တောင်ဖက်တွင် ရှိသည့် တောင်ကုန်းသို့ ငါးမျှားတံခုတ်ရန်သွားစဉ် မိုင်းနင်းမိကာ ဘယ်ဖက်ခြေပြတ်ထွက်သွားခြင်းဖြစ်ကြောင်း ဝက်ကျိန်းကျေးရွာသား ကိုမောင်စိန်ညိုက DMG သို့ ပြောသည်။

“ကျနော်တို့ ရွာအနားမှာရှိတဲ့ တောင်ကုန်းဆီကို သူက ငါးမျှားဖို့အတွက် ငါးမျှားတံခုတ်ဖို့သွားတာ။ အဲဒီမှာ မိုင်းနင်းပြီးတော့ ဘယ်ဖက်ခြေသလုံး တစ်ခုလုံး ဖြတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မောင်ကိန်းပေါ်ကို အရေးပေါ်ဆေးကုသမှုခံယူရန် မောင်တောခရိုင်ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိပြီး နှစ်ဘက်တပ်များ တပ်စွဲနေထိုင်ခဲ့မှုများရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ဝက်ကျိန်းကျေးရွာသားများမှာ လယ်ယာလုပ်ငန်းကို အဓိက အားထားကာ အသက်မွေးဝမ်းကျောင်းပြု နေကြသူများဖြစ်သဖြင့် အပြင်သို့ အလုပ်သွားလုပ်ရာတွင် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်နေရ ကြောင်း ပြောဆိုသည်။

ဝက်ကျိန်းကျေးရွာသား ကိုကျော်ဟိန်းက “ ကျနော်တို့ ရွာသားတွေက အဓိက လယ်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာ။ အခုက ရွာနားတွေမှာ စစ်ကျန်လက်နက်တွေရှိသေးတယ်။ အဲဒီလက်နက်တွေကို ရှင်းပေးစေချင်တယ်။ နောက်လည်း အခုလိုမျိုး ဖြစ်မှာကို ကျနော်တို့ စိုးရိမ်မှုရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယာယီ အပစ်အခတ်ရပ်စဲထားသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုများ တိုးလာနေသည်။

ယမန့်နေ့ (ဒီဇင်ဘာ ၂) ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ(မွတ်ဆလင်) ကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားကာ လက်ရှိတွင် မောင်တောခရိုင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့ပြီး အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။