မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်စစ်ရှောင်များကို စစ်ကောင်စီ၏ကော်မတီမှတစ်ဆင့် ကူညီရသဖြင့် အကူအညီရရှိမှု နည်းပါးမည်ကိုစိုးရိမ်

မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရသည့် ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများအတွက် အကူအညီများကို လက်ရှိစစ်ကောင်စီမှဖွဲ့စည်းထားသည့် ကော်မတီမှတစ်ဆင့် လှူဒါန်းရမည်ဟု ထုတ်ပြန်ထားသည်။

18 May 2022

မီးလောင်ပျက်စီးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ - ကျော်လှမြင့်)

DMG ၊ မေ ၁၈

မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရသည့် ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများအတွက် အကူအညီများကို လက်ရှိစစ်ကောင်စီမှဖွဲ့စည်းထားသည့် ကော်မတီမှတစ်ဆင့် လှူဒါန်းရမည်ဟု ထုတ်ပြန်ထားသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း မေလ(၉)ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကတာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် စစ်တပ်ဖက်မှ ဗိုလ်မှူး အောင်ဇေယျာသိမ်းက တာဝန်ယူထားကာ စစ်ဘေးရှောင်စခန်းတာဝန်ခံအပါအဝင် အဖွဲ့ဝင်(၁၅)ဦးနှင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

ကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းက “မဟာမုနိစစ်ဘေးရှောင်စခန်း မီးဘေးသင့်ပြည်သူတွေကို ပြည်သူတွေက လှူဒါန်းလာတဲ့ပစ္စည်းအပေါ်မှာ မလိုလားအပ်တဲ့ စစ်ဘေးရှောင်မှအပ ကျန်တာတွေမှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်ရအောင်ဆိုပြီးတော့ ဒုက္ခသည်တွေဆီ မှန်မှန်ရောက်ရှိဖို့အတွက် အခုလိုဖွဲ့စည်းရတာဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိမှာလည်း အလှူရှင်များမှ လှူဒါန်းလာသည့်ပစ္စည်းများကို မဟာမုနိစစ်ဘေးရှောင်စခန်းရှိ မီးဘေးသင့် ပြည်သူများအတွက် တိုက်ရိုက်ပို့ဆောင်ပေးနေကြောင်း ဦးမောင်ဝင်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်(မေလ ၉ ရက်) နံနက် ၁ နာရီခန့်က မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် နေအိမ် ၂၆၂ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သည့်အတွက် မီးဘေးသင့်စစ်ဘေးရှောင် ၁၀၇၃ ဦးအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။

အိုးအိမ်ဆုံးရှုံးသွားသည့် မီးဘေးသင့်စစ်ဘေးရှောင်များအား ပြည်လည်တည်ဆောက်ပြီးသော အဆောက်အဦးများတွင် စနစ်တကျနေရာချထားပေးရန်၊ မီးဘေးသင့်ပြည်သူများအတွက် ဒေသအသီးသီးမှ စေတနာရှင်များလှူဒါန်းလာသော ငွေ၊ပစ္စည်းများအား ဒုက္ခသည်များ၏လက်ထဲသို့ စနစ်တကျရောက်ရှိရေး၊ မျှမျှတတဖြစ်စေရေး၊ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် မလိုအပ်သည့်နေရာများတွင် အလွဲသုံးစား မဖြစ်ပေါ်ရေး ကြီးကြပ်ဆောင်ရွက်ရန် စသည့်အချက်များကို လက်ရှိဖွဲ့စည်းထားသည့် ကော်မတီအား တာဝန်ပေးထားသည်ကိုတွေ့ရသည်။

မဟာမုနိစစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌ ဦးသန်းဌေးက “အလှူငွေ လုံးဝနည်းသွားတာက လက်ရှိရိုက်ခတ်မှုကို ခံစားနေရတာဖြစ်တယ်။ လာရောက်လှူဒါန်းမှုက နည်းပါးသွားတယ်။ ပြီးတော့ မေးမြန်းခံရတာတွေရှိတယ်။ ဟုတ်လား ဒီလိုအဖွဲ့အစည်းတစ်ခုဖွဲ့စည်းထားတယ်။ ဒီအဖွဲ့အစည်းက အားလုံးထိန်းချုပ်နေမှာလား။ အဲလိုမေးခွန်းတွေ မေးမြန်းတာတွေရှိလာတယ်။ ဒီအဖွဲ့အစည်းက ထိန်းချုပ်ထားမယ်ဆိုရင် လှူဖို့အတွက် စဉ်းစားရမယ်ဆိုပြီး ပြောဆိုမှုတွေကိုကြုံရတယ်”ဟု ဦးသန်းဌေးကပြောသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် လက်ရှိ ဖွဲ့စည်းထားသည့်ကော်မတီထဲတွင် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်နေသည့်အတွက် သွားရောက်လှူဒါန်းမှုအပိုင်းမှာ အခက်အခဲများရှိလာနိုင်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

“စစ်ကောင်စီအနေနဲ့ အခုလိုမျိုးလုပ်စရာမလိုပါဘူး။ တကယ်လို့ စေတနာရှိတယ်ဆိုရင် လူကယ်ပြန် အောက်ကနေပြီးသွားမှာလား။ လူကယ်ပြန်အောက်ကသွားရင်တောင်မှ အရပ်ဖက်အဖွဲ့အစည်းတွေကို လှိုက်လှိုက်လဲလဲကြိုဆိုပြီး သွားသင့်တယ်။ ရိက္ခာထောက်ပံ့မှုတွေကို ထိန်းချုပ်လိုက်တယ်ဆိုရင် သွားရေးလာရေး ခက်ခဲသွားမယ်ထင်တယ်။ အခြားကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့လည်း အကျပ်အတည်း ဖြစ်သွားမယ်လို့ထင်တယ်”ဟု Women Generation အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော်က သုံးသပ်ပြောဆိုသည်။

မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ လာရောက်လှူဒါန်း ထောက်ပံ့မှု နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှာနေထိုင်သူ မနွယ်နွယ်သန်းက “သူတို့(စစ်ကောင်စီ)က ဦးဆောင်ပြီး လုပ်မယ်ဆိုရင် အခက်အခဲဖြစ်မှာကိုစိုးရိမ်မိတယ်။ စခန်းကတာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်ပေးရင်လည်း အဆင်ပြေနေတာပဲ။ သူတို့(စစ်ကောင်စီ)စီစဉ်လုပ်ဆောင်မှာကို သဘောမကျဘူး။ အစအတည်းက စခန်းမှာရှိတဲ့ တာဝန်ရှိသူတွေကို လုပ်ပေးတာတွေအဆင်ပြေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာလာကြသူများထဲမှ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေစုစုပေါင်းတစ်ထောင်ကျော်ခန့်မှာ မဟာမုနိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံလျက်ရှိနေသည်။
လက်ရှိမှာ မီးလောင်မှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေကြသည့် စစ်ဘေးရှောင်များကို မဟာမုနိဘုရားတောင်ပေါ်ရှိ ဓမ္မာရုံနှင့် စခန်းတွင်းရှိ မူလတန်းစာသင်ကျောင်းတို့တွင် ယာယီနေရာချပေးထားကြောင်း သိရသည်။