- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သမ္မတနှင့် အတိုင်ပင်ခံတို့၏ ပြစ်ဒဏ် လျော့ချလိုက်သော်လည်း စစ်ကောင်စီကို နိုင်ငံတကာက အပြစ်တင်နေဆဲဖြစ်
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီမှ တရားစွဲဆိုထောင်ဒဏ်ချမှတ်ပြီး ပြစ်ဒဏ်များ လျော့ချခဲ့ပေမယ့် နိုင်ငံတကာက အပြစ်တင်နေဆဲဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေးသမားအများစုက ပြောဆိုလိုက်သည်။
08 Dec 2021
DMG ၊ ဒီဇင်ဘာ ၈
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီမှ တရားစွဲဆိုထောင်ဒဏ်ချမှတ်ပြီး ပြစ်ဒဏ်များ လျော့ချခဲ့ပေမယ့် နိုင်ငံတကာက အပြစ်တင်နေဆဲဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေးသမားအများစုက ပြောဆိုလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာစစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် မတရားပုဒ်မများဖြင့် တရားစွဲဆိုကာ ဒီဇင်ဘာ ၆ ရက်တွင် ထောင်ဒဏ် လေးနှစ်စီချမှတ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တရားစွဲဆိုခဲ့သည့် ပြစ်မှုများအနက်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀ တို့ကို တစ်မှုလျှင်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန်နှင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ကျခံရန် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ထိုညပိုင်းတွင် ချမှတ်ခံထားရသည့် ပြစ်ဒဏ်များမှ ထောင်ဒဏ်နှစ်နှစ်စီသာ သမ္မတနှင့် အတိုင်ပင်ခံကိုလျော့ပေါ့ပေးခဲ့ပြီး သက်ဆိုင်ရာနေအိမ်တွင် နေထိုင်ရန် ညွှန်ကြားလိုက်ကြောင်း စစ်ကောင်စီပိုင် MWD မှ ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပေါ် တရားစွဲစီရင်ချက်ချပြီးနောက် ပြစ်ဒဏ်လျော့ပေါ့မှုများမှာ မြန်မာစစ်ကောင်စီအနေဖြင့် စိတ်ထဲရှိရာပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံတကာရဲ့အပြစ်တင်မှုကို ပိုမိုခံရအောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ) မှ တာဝန်ခံက ပြောသည်။
"လျော့တာတိုးတာ နေအိမ်ပြန်ထားတွေက စစ်ကောင်စီ စိတ်ထဲရှိတာလုပ်နေတာ။ ဘယ်လိုလုပ်လုပ် နိုင်ငံတကာက အပြစ်တင်မှာပဲ။ သေချာတာက နဂိုကတည်းက စစ်တပ်အာဏာသိမ်းထားတာဆိုတော့ လွှတ်တော် တရားရေး အုပ်ချုပ်ရေးက ပျက်သွားပြီ။ " ဟု အဆိုပါတာဝန်ခံမှ ဆိုသည်။
နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ရင်တောင် နွေဦးတော်လှန်ရေးအတွက် အားပျော့သွားမှာ မဟုတ်တဲ့အပြင် ပိုပြီးပြတ်သားရဲရင့်တဲ့ တော်လှန်ရေး ကြီးကြီးမားမား ဆင်နွဲလာမည်ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။
ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုအရ ထောင်ဒဏ်ချမှတ်လိုက်သည့် မြန်မာနိုင်ငံ စစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Tom Andrews မှ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများကို ဒီဇင်ဘာ ၆ ရက်တွင် တိုက်တွန်းထားသည်။
မြန်မာစစ်ကောင်စီအနေဖြင့် တရားဥပဒေအပေါ် လိုသလိုအသုံးချနေခြင်းဖြစ်နေပြီး ဥပဒေအထက်တွင် မည်သူမျှမရှိရဟူသော စကားပုံကို ပြောင်းပြန်လုပ်သလို ဖြစ်နေကြောင်း ၂၀၀၇ ရွှေဝါရောင်သံဃာ့ကွန်ရက်အဖွဲ့ဝင် ကိုညီညီလွင် (ဦးဂမ္ဗီရ) က ဆိုသည်။
"ဒါက ဥပဒေကို စစ်ကောင်စီအနေနဲ့ လိုသလိုအသုံးချနေတယ်လို့ မြင်ပါတယ်။ ဥပဒေအထက်မှာ မည်သူမျှမရှိရ ဆိုတဲ့စကားပုံကို ပြောင်းပြန်လုပ်တာပေါ့။ အပြစ်မရှိ တဲ့သူတွေကို ပြစ်ဒဏ်စီရင်နိုင်အောင် မတရားတဲ့နည်းလမ်းတွေ ဥပဒေမဲ့နည်းလမ်းတွေနဲ့ ကြိုးစားနေတာကိုက မှားနေတာပါ။" ဟု ပြောသည်။
ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာစစ်ကောင်စီ၏ တရားစွဲဆိုမှုများမှ နောက်ထပ် ယခုလို ထပ်မံလုပ်ဆောင်ရန်မြင်ကြောင်း ကိုညီညီလွင်(ဦးဂမ္ဗီရ)က ထပ်မံဆိုသည်။
မြန်မာစစ်ကောင်စီမှ အာဏာသိမ်းယူသည့်အချိန်မှစပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၂ ခုဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။