မြန်မာ့ရွေးကောက်ပွဲနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ချိန်ခွင်လျှာ

မကြာသေးမီကဆိုလျှင် တပ်မတော်အကြီးအကဲက NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ခဲ့သည့် ၉ လတာကာလကို အရပ်သားအစိုးရက အသုံးချနိုင်ခြင်း မရှိသည့် အပေါ်တွင်လည်း မနှစ်မြို့သည့် သဘောထား ထုတ်ဖော်ပြသခဲ့သည်။

By စောသန္တာအေး 31 Aug 2020

ဓာတ်ပုံ - AP

စောသန္တာအေး ဘာသာပြန်ဆိုသည်။

တစ်စစယိုယွင်းလာနေသော မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထင်ဟပ်နေသည့် ဖြစ်စဉ်များအနက် နောက်ဆုံးဖြစ်ရပ်မှာ ရုရှားမဂ္ဂဇင်းတစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြေကြားခဲ့သည့် မှတ်ချက်ဖြစ်သည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက မှတ်ချက်ပြု ဖြေကြားခဲ့သည်။

လေ့လာသူများက ဤမှတ်ချက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သွယ်ဝိုက်ညွှန်းဆိုခြင်းအဖြစ် ရှုမြင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအာဏာရပါတီ NLD ၏ ခေါင်းဆောင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အာဏာရလာချိန်၌ NLD ပါတီ၏ အဓိကလမ်းစဉ်သည်  ၂၀၀၈ အခြေခံဥပဒေအား ဒီမိုကရေစီ စည်းမျှဉ်းစည်းကမ်းများနှင့် ညီညွတ်အောင် ပြန်လည်ပြင်ဆင်ရေး ဖြစ်သည်။ ဤနေရာ၌ လေ့လာသူအများအပြား သုံးသပ်ကြသည့် မေးခွန်းမှာ အရပ်သားအစိုးရနှင့် တပ်မတော်အကြား နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် မည်မျှအတိုင်းအတာအထိ အပြန်အလှန် လိုက်လျောနိုင်မည်နည်း ဆိုသောအချက်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေကို စစ်တပ်က ရေးဆွဲခဲ့ပြီး နိုင်ငံရေးနယ်ပယ်၌ တပ်မတော်၏ အခန်းကဏ္ဍအတွက်  အထူးအာဏာ ရယူထားသည်။ NLD သည် ၂၀၀၈ အခြေခံဥပဒေအား အစဉ်တစိုက် ဝေဖန်ကန့်ကွက်လာသည့် အဖွဲ့အစည်းဖြစ်သဖြင့် NLD အာဏာရလာခြင်းသည် အာဏာခွဲဝေ ကျင့်သုံးရေး အစီအစဉ်များအတွက် စစ်ဆေးမှုတစ်ရပ်လည်း ဖြစ်နေသည်။

၂၀၁၀ တွင် စတင်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်၏ တတိယအကြိမ်မြောက် ရွေးကောက်ပွဲအား ယခု ၂၀၂၀ ခုနှစ် နိုဝင်ဘာတွင် ကျင်းပတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း NLD အစိုးရ နှင့် တပ်မတော်တို့အကြား ရန်လိုမုန်းထားစိတ်ကို မည်မျှအတိုင်းအတာအထိ ထိန်းသိမ်းကာ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သနည်း ဆိုသည့် အချက်သည် ဤရွေးကောက်ပွဲအပေါ် ထင်ဟပ်မည်ဖြစ်သည်။

တစ်စုံတစ်ယောက်၏ အကျိုးစီးပွားအား အလွန်အမင်းရှေ့တန်းတင် ဆောင်ရွက်ခြင်းသည်  နိုင်ငံရေးအကူးအပြောင်း ဖြစ်စဉ်ကြီးတစ်ခုလုံးကို လမ်းချော်သွားစေနိုင်ကြောင်း အရပ်သားနိုင်ငံရေးသမားများနှင့် စစ်တပ်အရာရှိကြီးများအနေဖြင့် တွေးဆပြီးသား ဖြစ်နိုင်သည်။ သို့အတွက်ကြောင့် လက်တွေ့အကျိုးမျှော်ဝါဒ ဖြင့် အဓိကမောင်းနှင်သည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအား ဖယ်ထုတ်ထားရန် နှစ်ဘက်အုပ်စုလုံးက တွက်ချက်ထားနိုင်သည်။

လက်တွေ့တွင်မူ မကြာသေးမီအချိန်အထိ အရပ်သားအစိုးရနှင့် တပ်မတော်တို့ ထိပ်တိုက်တွေ့နိုင်သည့် အဓိကကျသော နယ်ပယ်များ၌ လက်တွေ့အကျိုးမျှော်ဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုက်လျောညှိနှိုင်းခြင်းကိုသာ ပင်တိုင် ဆောင်ရွက်နေကြဆဲ ဖြစ်သည်။

NLD ၏ ပင်မ နိုင်ငံရေးရည်မှန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေး ဖြစ်ခဲ့/ဖြစ်နေဆဲ ဆိုလျှင်တောင်မှ ဤပါတီသည် အာဏာရထားသည့် ကာလအတွင်း ပြီးခဲ့သောနှစ် မတိုင်မီအထိ ဖွဲ့စည်းပုံပြောင်းလဲရေးအတွက် အထူးတလည် အားထုတ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းကို ဝေဖန်ထောက်ပြနိုင်သည်။

၂၀၁၉ ဇန်နဝါရီလတွင်မှ NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပါတီ၏ အားထုတ်မှုမှာ မယ်မယ်ရရ ရုပ်လုံးပေါ်မလာခဲ့ပေ။

အလားတူပင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူရန် ပထမဆုံးအကြိမ်အဖြစ် တပ်မတော်အကြီးအကဲက ပြောကြားခဲ့သည်မှာလည်း မကြာသေးမီကမှ ဖြစ်သည်။ NLD သည် ၎င်းအာဏာရလာသည့် ၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ ကာလုံအစည်းအဝေး တစ်ကြိမ်မှ ခေါ်ယူခြင်း မရှိသေးပေ။

မတ်လနှောင်းပိုင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်လူနာ တွေရှိရပြီးနောက်တွင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကာလုံအစည်းအဝေး ခေါ်ယူရန် အဆိုပြု ဆွေးနွေးခဲ့သည်။ NLD အစိုးရသည် ဤအဆိုပြုချက်အား ပယ်ဖျက်ပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အရပ်ဘက်-စစ်ဘက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ဤလုပ်ရပ်သည်လည်း ကာလုံခေါ်ယူရေးအား ဘေးဖယ်ထားလိုသည့် NLD ၏သဘောထားကို ရှင်းရှင်းလင်းလင်း ပြသနေခြင်းဖြစ်သည်။

NLD အစိုးရနှင့် တပ်မတော်တို့သည် ရွေးကောက်ပွဲကို မျက်စပစ်ထားကာ နိုင်ငံရေးအရ မျက်နှာပန်းလှစေရေးအတွက်လည်း ပြိုင်ဆိုင်လျက်ရှိသည်။ တပ်မတော်ဆိုလျှင် ကိုရိုနာကပ်ဘေးကြီးကို တိုက်ဖျက်ရန်အတွက် အရပ်သားအစိုးရအား အကူအညီများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောကြားထားသည်။ တပ်မတော်သည် မိမိကိုယ်ကို ပြည်သူလူထုအား ကိုဗစ်-၁၉ ရန်မှ ကာကွယ်ပေးရန် အသင့်ရှိနေသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပုံဖော်ကာ တိုင်းရင်းသားအုပ်စုများ ထံသို့လည်း ဆေးဝါးအထောက်အပံ့များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မကြာသေးမီကဆိုလျှင် တပ်မတော်အကြီးအကဲက NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ခဲ့သည့် ၉ လတာကာလကို အရပ်သားအစိုးရက အသုံးချနိုင်ခြင်း မရှိသည့် အပေါ်တွင်လည်း မနှစ်မြို့သည့် သဘောထား ထုတ်ဖော်ပြသခဲ့သည်။

ဤကဲ့သို့သော ပြောကြားမှုများအပြီး နှစ်ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သြဂုတ်လ နှောင်းပိုင်းတွင်ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်အုပ်စုသည် ရုပ်ပုံများအသုံးပြုမှုတွင်လည်း မကြေမလည် ဖြစ်နေကြပြန်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အသုံးပြုခြင်းအား တားမြစ်ပေးရန် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ခိုင်ရေးပါတီနှင့်အတူ နိုင်ငံရေးမဟာမိတ် ၂၉ ပါတီတို့က ဇွန်လအတွင်း တောင်းဆိုခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲတွင် ၎င်း၏ရုပ်ပုံအား အသုံးပြုမဲဆွယ်ခြင်းသည် NLD အတွက် အသာစီးရစေမည်ဟု ယူဆကာ ကန့်ကွက်ကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ကမူ ဤတောင်းဆိုချက်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် NLD နှင့် တပ်မတော်တို့သည် ၎င်းတို့၏ ကိုယ်စားပြုပါတီများ မှတစ်ဆင့် ထိပ်တိုက်တွေ့မည့် အနေအထားသို့ ရောက်နေသည်။ ပြီးခဲ့သောငါးနှစ်တာ ကာလအတွင်း အရပ်သားအစိုးရနှင့် တပ်မတော်တို့အကြား ဖြစ်ပေါ် ပြောင်းလဲလာခဲ့သည့် လက်တွေ့အကျိုးမျှော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်မှာလည်း ဤထိပ်တိုက်တွေ့ဆုံမှုကြောင့်  ပိုမိုခက်ခဲလာနေသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ၎င်း၏ သဘောသဘာဝအရ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး အတက်အကျ ရှိနိုင်သည် ဆိုသော်ငြားလည်း ဤဆက်ဆံရေးသည် ရွေးကောက်ပွဲအပြီးတွင် ပြန်လည် တည်ငြိမ်လာနိုင်ပါသည်။ တပ်မတော်အတွင်း ခေါင်းဆောင်မှု အပြောင်းအလဲ၊ လက်ရှိတပ်ချုပ်၏ သဘောထား အပြောင်းအလဲကြောင့်လည်း ဤဆက်ဆံရေးပုံစံသည် အတက်အကျ ရှိနိုင်ပါသေးသည်။ သို့သော်လည်း တပ်ချုပ်၏ သဘောထား အပြောင်းအလဲဆိုသည်မှာမူ လတ်တလောမြင်တွေ့ရသည့် အခြေအနေများအရ ဖြစ်လာနိုင်ခြေ မရှိသည့် တွက်ချက်မှုသာ ဖြစ်ပေသည်။

စောသန္တာအေး
(Observer Research Foundation ဝက်ဆိုက်တွင် ဖော်ပြထားသည့် Elections and civil-military relations in Myanmar by K. Yhome ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။