- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်နှစ်အတွင်း အွန်းလိုင်းပေါ်တွင် စစ်ကောင်စီကို ဝေဖန်သူ ၄၀၀ နီးပါး ဖမ်းဆီးခံရ
နိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်အတွင်း လူမှုကွန်ရက်နှင့် အွန်းလိုင်းပေါ်တွင် စစ်ကောင်စီကို ဝေဖန်ပြောဆို ရေးသားမှုကြောင့် လူဦးရေ စုစုပေါင်း ၃၇၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် အမျိုးသား ၂၆၀ ဦး၊ အမျိုးသမီး ၁၁၄ ဦးပါဝင်ကြောင်း Myanmar Internet Project က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။
08 Jan 2025
DMG ၊ ဇန်နဝါရီ ၈
နိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်အတွင်း လူမှုကွန်ရက်နှင့် အွန်းလိုင်းပေါ်တွင် စစ်ကောင်စီကို ဝေဖန်ပြောဆို ရေးသားမှုကြောင့် လူဦးရေ စုစုပေါင်း ၃၇၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် အမျိုးသား ၂၆၀ ဦး၊ အမျိုးသမီး ၁၁၄ ဦးပါဝင်ကြောင်း Myanmar Internet Project က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။
Myanmar Internet Project ၏ အစီရင်ခံစာအရ ဩဂုတ်လနှင့် စက်တင်ဘာလတွင် ဖမ်းဆီးခံရသူ လူဦးရေ ၆၀ နီးပါးခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း အွန်းလိုင်းမှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရမှု အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ရန်ကုန်နှင့် မန္တလေးတိုင်းမှ အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရသူ၏ ၃၁.၂၈ ရာခိုင်နှုန်း (၁၁၇) ဦးမှာ ရန်ကုန်တိုင်းမှ ဖြစ်ပြီး ၂၉.၆၈ ရာခိုင်နှုန်း (၁၁၁) ဦးမှာ မန္တလေးတိုင်းမှ ဖြစ်သည်။
အွန်းလိုင်းပေါ်မှာ ပြောဆိုခြင်းကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေခြင်းမှာ အခြေခံ လူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း Myanmar Internet Project မှ မီဒီယာအရေးကျွမ်းကျင်သူ ဦးဟန်က ပြောသည်။
“ဒီအခွင့်အရေးဟာ လူသားတွေအတွက် အခြေခံအကျဆုံးဖြစ်သလို ဒါကိုအသုံး ပြုပြီး ကောင်းမွန်သော လူမှု ဘဝကို တည်ဆောက်နိုင်ပါတယ်။ ဒါကို ပိတ်ပင်ဖိနှိပ်ကန့်သတ်တာဟာ လူ့အခွင့် အရေးချိုးဖောက်တာပါ” ဟု သူက ဆိုသည်။
ဖမ်းဆီးခံရသူများမှာ စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်၊ မန္တလေးအပြင် ပဲခူးနှင့် ဧရာဝတီစသည့် ဒေသများတွင် အများဆုံးဖြစ်သည်။
ယင်းအထဲတွင် ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်မြို့နယ်သည် ရန်ကုန်တိုင်းတစ်ခုလုံး၏ ဖမ်းဆီးမှုအရေအတွက် စုစုပေါင်း၏ (၁၆.၃၈) ရာခိုင်နှုန်းရှိသည်။ အလားတူ မန္တလေးတိုင်းရှိ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့သည် မန္တလေးတိုင်းတစ်ခုလုံး၏ ဖမ်းဆီးမှုအရေအတွက် စုစုပေါင်း၏ (၁၂.၆၁) ရာခိုင်နှုန်းရှိ ကြောင်း Myanmar Internet Project က ဆိုသည်။
ဖမ်းဆီးခံရသူ အများစုမှာ Facebook အသုံးပြု၍ စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုမှုကြောင့်ဖြစ်ပြီး Telegram၊ Tiktok ၊ Viber စသည့် ဆိုရှယ်မီဒီယာများအသုံးပြု ဝေဖန်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ဆက်စပ်သည့် အဖွဲ့များမှာ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဟုဆိုကာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းကို အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ အောင်သံဒိုင်(ခ) သံဒိုင်ကျော်မှာ “AungThan Dine” Facebook အကောင့်နှင့် “aungthandine7” TikTok အကောင့်ဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝါဒဖြန့်သည်ဟုဆိုကာ အင်းစိန်မြို့မှ ရဲစခန်းတွင် ဖမ်းဆီးထားပြီး တရာဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
“Facebook ပေါ်မှာ လွတ်လပ်စွာ ရေးသားတဲ့ အကောင့်ပိုင်ရှင်တွေ လိုက်ပြီးတော့ ဖမ်းဆီးတယ်။ ထောင်ချ တယ်။ လွတ်လပ်စွာပြောပိုင်ခွင့်ကို လူမှုကွန်ယက်ပေါ်မှာ ချပြပိုင်ခွင့်မရှိဘူး။ ကိုယ်သဘောထားတွေကို လူမှု ကွန်ယက်မှာ ချပြတာကို ဖမ်းဆီးတဲ့ဆိုတာက စစ်ကောင်စီက မတရား လုပ်ဆောင်တာဖြစ်တယ်” ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်မှ စ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ စစ်ကောင်စီအပေါ် ဆိုရှယ်မီဒီယာများအသုံးပြု ဝေဖန်ခြင်းကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁,၈၄၀ ဦးထိ ရှိကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။