- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထား
နိုင်ငံအနှံ့တွင် စက်သုံးဆီအခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်တွင်လည်း ယနေ့(ဧပြီလ ၁၉ ရက်)ကစတင်ပြီး စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
နိုင်ငံအနှံ့တွင် စက်သုံးဆီအခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်တွင်လည်း ယနေ့(ဧပြီလ ၁၉ ရက်)ကစတင်ပြီး စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။
ဆီဈေး ရုတ်တရက်မတည်ငြိမ်မှုများ၊ ဆီဈေးတက်လာသောကြောင့် လိုင်စင်ရစက်သုံးဆီဆိုင်များကို တစ်နေ့လျှင် ဆိုင်ကယ်တစ်စီးကို ဆီငါးထောင်ကျပ်ဖိုးနှင့် မော်တော်ကားငယ်တစ်စီးကို နှစ်သောင်းဖိုးထက်ပို မရောင်းချရန် ညွှန်ကြားထားသည်ဟု ပြည်နယ်သယံဇာတဝန်ကြီး ဦးသန်းထွန်းက DMG သို့ပြောသည်။
“စစ်တွေတစ်မြို့တည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးဖြစ်နေတာပါ။ တစ်နိုင်ငံလုံး စက်သုံးဆီတင်သွင်းမှု ဒေါ်လာပေးချေမှု အခက်အခဲလို့တော့ပြောကြတယ်။ ငါတို့လည်း အသေးစိတ်တော့မသိသေးဘူး”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ဆီဈေးနှုန်းများခုန်တက်လာမှုများမှာ သီလဝါဆိပ်ကမ်းရှိ ဆီကုန်သည်များ ငွေကြေးလွှဲပြောင်းမှုများ အခက်အခဲဖြစ်သွားခြင်းကြောင့်ဟုဆိုသည်။ ထို့ကြောင့် စစ်တွေမြို့တွင်လည်း ဆီဝယ်ယူမှု အခက်အခဲမဖြစ်စေရန် ထိုသို့ကန့်သတ်လိုက်ရခြင်းဟု ပြည်နယ်စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးသန်းလှိုင်ကပြောသည်။
“သင်္ကြန်ရုံးပိတ်ရက်နဲ့ ငွေရေးကြေးရေးလွှဲပြောင်းမှုတွေ အခက်အခဲရှိလို့ ဆီဝယ်ရတာ နည်းနည်းအခက်အခဲ ဖြစ်သွားတာပါ။ မနက်က ဝန်ကြီးကိုတင်ပြခဲ့တယ်။ ကျွန်တော်တို့ဆီအသင်းကလူတွေ ဆီလက်ကျန်တွေကို နည်းနည်းစိုက်ပြီး အဆင်ပြေအောင် ၂ ရက် ၃ ရက်လောက်ကို ရှိတဲ့ဆီတွေကိုခွဲတမ်းချကာ တစ်ယောက်တည်းက အများကြီးဝယ်ယူသိမ်းထားတာမျိုး မဖြစ်ရအောင် လူတိုင်းသုံးစွဲလို့ရအောင် အစီအစဉ်တစ်ခုလုပ်လိုက်ရတယ်”ဟု ၎င်းက DMG သို့ပြောသည်။
“သင်္ကြန်တွင်းမှာ တစ်ချို့ဆီဆိုင်တွေ ဆီလုံးဝပြတ်ထွက်သွားတာတွေရှိတယ်။ ဆီတွေဖြည့်ဖို့ကလည်း ဆီဘောက်ဆာတွေလာနေပါတယ်။ ဒါပေမဲ့ ခါတိုင်းလိုပေါပေါများများတော့ မရလိုက်ပါ။ မရလိုက်တဲ့အတွက် ဝယ်လောင်ထားတာတွေမျိုးမဖြစ်အောင် လူတိုင်းကိုသုံးစွဲနိုင်အောင် daily ရောင်းချပေးမယ့် အစီအစဉ်တစ်ခုကို လုပ်လိုက်ရတာပါ။ ရန်ကုန်က သီလဝါဆိမ်ကမ်းမှာ အဆင်ပြေသွားရင်ဝယ်လို့ရပြီဆိုရင် open ပြန်ရောင်းပေးဖို့ အတွက်တော့ အစီအစဉ်လုပ်ထားပါတယ်”ဟု ဦးသန်းလှိုင်ကဆက်ပြောသည်။
သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီဂါလန်သန်းပေါင်း (၄၅)သန်းခန့်နှင့် ဒီဇင်ဆီဂါလန်သန်းပေါင်း (၇၀)သန်းခန့်ရှိကြောင်း၊ လက်ရှိဆိပ်ကမ်းမှာရောက်ရှိပြီး သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသည့် သင်္ဘော(၂)စီးလည်းရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယနေ့ စစ်တွေမြို့တွင်းစက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း/92 တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် ၂၀၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၃၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၀၀ ကျပ်ရှိသည်ဟု ထူးစက်သုံးဆီအရောင်းဆိုင်မှ သိရသည်။
ထိုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခုအခြေအနေထက် ဆိုးဝါးလာမည်ကိုစိုးရိမ်သည်ဟု စစ်တွေမြို့မှ ဘေးတွဲမောင်းသူတစ်ဦးကပြောသည်။
“ဆီဈေး ၂၀၀ တက်သွားတယ်ဒီနေ့။ ဆီဈေးတက်ရင် အဆင်မပြေတော့ဘူး။ ခရီးသည်တွေကို ပုံမှန်ဈေးနှုန်းနဲ့လည်း သွားမရ။ ပိုတောင်းလို့လည်းမရ။ ပုံမှန် ၅၀၀ နဲ့သွားရင် ၇၀၀၊ ၁၀၀၀ တောင်းလို့လည်း မရဘူး။ ဆီ ၂၅၀၀ ဖြစ်သွားရင် မသွားနိုင်တော့ဘူး။ အဆင်မပြေတော့ဘူး။ တစ်ရက်မှာ ၁ သောင်းရလို့ ဆီးဖိုးရယ်၊ အိမ်အတွက်ရယ်က အဆင်မပြေတော့ဘူးပေါ့”ဟု စစ်တွေမြို့မှ ဘေးတွဲမောင်းသူ ဦးဌေးဝင်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စစ်တွေမြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း/ 92 တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၃၄၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၅၀ ကျပ်ရှိခဲ့သည်ဟု စစ်တွေမြို့ရှိ ထူးစက်သုံးဆီအရောင်းဆိုင်မှသိရသည်။