ကျည်ဆံဝယ်ယူနိုင်ရေး အလှူငွေထည့်ဝင်မည်ဟု Comment ရေးသည်ဆိုကာ တောင်ကုတ်က မိန်းကလေးတစ်ဦးကို ဖမ်းဆီးရန်စီစဉ်နေ

PDF အတွက် ကျည်ဆံဝယ်ယူနိုင်ရန်အတွက် အလှူငွေကောက်ခံသည့် Post များ၏အောက်တွင် အလှူငွေ ထည့်ဝင်မည်ဟု Comment ရေးခဲ့သည်ဆိုကာ တောင်ကုတ်မြို့မှ မိန်းကလေးတစ်ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။

29 Apr 2022

PDF ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရန်ကြိုးပမ်းနေသည့် မမေလဲ့လဲ့ကျော်ဆွေ

DMG ၊ ဧပြီ ၂၉

PDF အတွက် ကျည်ဆံဝယ်ယူနိုင်ရန်အတွက် အလှူငွေကောက်ခံသည့် Post များ၏အောက်တွင် အလှူငွေ ထည့်ဝင်မည်ဟု Comment ရေးခဲ့သည်ဆိုကာ တောင်ကုတ်မြို့မှ မိန်းကလေးတစ်ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။

ထိုသို့ဖမ်းဝရမ်းထုတ်ခံရသူမှာ အသက်(၂၆)နှစ်အရွယ် မမေလဲ့လဲ့ကျော်ဆွေ အမည်ရှိသူဖြစ်ပြီး Online shop လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ Hands For Phoenix-Fundraising Team အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook page တွင် ကျည်ဆံဝယ်ယူနိုင်ရန်အတွက် အလှူငွေကောက်ခံသည့် Post အောက်တွင် Comment ရေးခဲ့သည်ဟုစွပ်စွဲချက်ဖြင့် အရေးယူရန်ပြင်ဆင်နေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“(သူ့ကို)အမှုဖွင့်ထားတယ်။ အကြမ်းဖက်ပုဒ်မ- ၅၀(ည)နဲ့ဖွင့်ထားတယ်။ အမှုဖွင့်တင်ထားတယ်လို့ပဲ တက်လာသေးတယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက DMG ကိုပြောသည်။

ကျည်ဆံများဝယ်ယူနိုင်ရန် အလှူငွေထည့်ဝင်သည်ဟုဆိုခြင်းမှာ ရဲတပ်ဖွဲ့၏ မှားယွင်းသော စွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟု အမှုဖွင့်ခံထားရသူ မမေလဲ့လဲ့ကျော်ဆွေက တုန့်ပြန်သည်။

“သူများကို လှူဖို့မပြောနဲ့။ ကိုယ်တောင်မှ စားဝတ်နေရေးကျပ်တည်းနေတာ ဒီကာလမှာ။ တခြားပုဂ္ဂိုလ်ရေး ကိစ္စတွေနဲ့တောင် စိတ်ညစ်နေရတာ။ ကျွန်မလည်း တစ်ခုမှလုပ်ထားတာမရှိပါဘူး။ ကိုယ့်မှာတောင်ငွေမရှိလို့ သူများဆီက ငှားသုံးနေရတာ”ဟု ၎င်းကဆိုသည်။

၎င်းကိုအရေးယူနိုင်ရေးအတွက် သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ယမန်နေ့ကညွှန်ကြားလိုက်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မေလ ၄ ရက်နောက်ဆုံးထားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဒေသခံ ၁၀ ဦးထက်အနည်း ဖမ်းဆီးခံနေရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင်ကို PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။ အလားတူ သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၊ ဒေါ်တင်စန္ဒဝင်း၊ ဒေါ်စန်းချိုသိုက်တို့ကိုလည်း PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံတွဲခရိုင်တရားရုံးမှ မတ်လ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။