မိုးဗြဲတွင် လက်နက်ကြီးထိမှန်၍ ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့နယ်တွင် စက်တင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့ကြား တနေကုန်နီးပါး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

10 Sep 2022

မိုးဗြဲတိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပုံ။ (ဓာတ်ပုံ- CJ)

DMG ၊ စက်တင်ဘာ ၁၀

ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့နယ်တွင် စက်တင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့ကြား တနေကုန်နီးပါး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က မိုးဗြဲမြို့နယ် ဝှါရီဆူပလိုင်ရွာမှ မြို့အတွင်းသို့လာသည့် စစ်ကောင်စီတပ်ကို KNDF အပါအဝင် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ခဲ့ကြောင်း KNDF မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“စက်တင်ဘာ ၈ ရက်နေ့ ဝှါရီဆူးပလိုင်ရွာကနေ မိုးဗြဲကို အင်အား(၁၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ပူးပေါင်းအဖွဲ့က နံနက် ၈ နာရီမိနစ် ၄၀ ကျော်အချိန်မှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက နံနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီအထိ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာ”ဟု ၎င်းကပြောသည်။

ယမန်နေ့စက်တင်ဘာလ ၉ ရက်ကလည်း စစ်ကောင်စီယာဉ်တန်းမှ လွိုင်ကော်-ဖယ်ခုံကားလမ်းမှလာစဉ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း မိုးဗြဲမြို့ခံများမှာ မြို့ထဲ၌ပိတ်မိနေစဉ် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်နီစစ်ရှောင်များကို ဆေးကုသပေးနေသည့် ကျန်းမာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“မနေ့ညနေအထိကို နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်ပွားနေတုန်း ရွာသား ၁၂ ဦးကျော် ပိတ်မိသွားတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးတယ်။ လူကြီးသုံးယောက်က အပြင်းအထန်ဒဏ်ရာရတယ်”ဟု ကရင်နီစစ်ရှောင်များကိ ဆေးကုသပေးနေသည့် ကျန်းမာရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲအတွင်းပိတ်မိနေသည့် ဒေသခံများအပါအဝင် သေဆုံးသူကလေးငယ်နှင့် ဒဏ်ရာရရှိသူများကို KNDF ပူးပေါင်းအဖွဲ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် စစ်ရှောင်ဆေးခန်း၌ ဆေးဝါးကုသမှုပေးထားကြောင်း အဆိုပါကျန်းမာရေးဝန်ထမ်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေမှုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပိုမိုပြုလုပ်လာနိုင်သောကြောင့် မိုးဗြဲမြို့တွင်းရှိဒေသခံများ လုံခြုံသည့်နေရာများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန်လည်း မိုးဗြဲဒေသကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

မိုးဗြဲမြို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဘေးကင်းလုံခြုံတဲ့နေရာမှာ ဒေသခံတွေကို နေထိုင်ပေးကြဖို့ အထူး သတိပေးတာပါ”ဟု ပြောသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားမှုအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်သုံးခုနှင့် ကျေးရွာများမှ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ မိုးဗြဲတိုက်ပွဲအခြေအနေနှင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယနေ့(စက်တင်ဘာလ ၁၀ ရက်)တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုနေမှုကြောင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်လမ်းကြောင်း မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော်ကားလမ်းမကို KNDF ပူးပေါင်းအဖွဲ့က အသွားအလာကန့်သတ်ထားကြောင်း သိရသည်။