ကျိုက်ထိုတွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တိုက်ပွဲကြောင့် ရွာ ၃ ရွာမှ နေအိမ်များပျက်စီးပြီး ဒေသခံများ ရှောင်နေရ


05 Feb 2022

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေသို့ မြန်မာစစ်တပ် ထိုးစစ်ဆင်မှုကြောင့် ဒေသခံပြည်သူများ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ကြစဉ်။ (ဓါတ်ပုံ - ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ)
DMG ၊ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကဒိုင်ကဒွတ်ကျေးရွာ၌ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအတွင်း ကျေးရွာသုံးခုရှိ နေအိမ်၂၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ပြီး ဒေသခံအများအပြားမှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ကျိုက်ထိုမြို့နယ် ကဒိုင်ကဒွတ်ကျေးရွာနှင့် မိုးဗြဲကျေးရွာကြားတွင် မြန်မာစစ်တပ်၏ တပ်မ ၂၂ နှင့် တပ်မ ၄၄ လက်အောက်ခံအဖွဲ့ ခမရ ၂၀၇ နှင့် အခြားတပ်ရင်းအဖွဲ့မှ ကေအန်ယူတပ်မဟာ ၁ လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁ ပူးပေါင်းအဖွဲ့ ရှိရာသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတက်ရောက်လာမှုကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။
 
ထိုသို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့စဉ် မြန်မာစစ်တပ်မှ ကျေးရွာသုံးခုဖြစ်သည့် မိုးဘောကြီးနတ်စင်၊ ကျောက်ဖျာနှင့် ကဒိုင်ကဒွတ်တို့ကို အင်အားသုံးဝင်ရောက်ခဲ့မှုကြောင့် ကျေးရွာများအတွင်းရှိ နေအိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရသည့်အပြင် ပစ္စည်းများပျောက်ဆုံးမှုများရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ကဒိုင်ကဒွတ်ကျေးရွာဒေသခံတစ်ဦးမှ DMG ကို ပြောသည်။
 
"စစ်ကောင်စီတပ်တွေ ရွာထဲကိုဝင်လာပြီလို့ကြားတော့ ကျွန်မတို့ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ အင်အားအများကြီးနဲ့ ဝင်လာတာဆိုတော့ ပြေးလို့မရတော့ဘူး။ ကျေးရွာသား အကုန်လုံးကို ရွာကဘုန်းကြီးကျောင်းမှာ လူစုပြီးထိုင်ခိုင်းတယ်။ အဲဒီလူစုနေတုန်းမှာပဲ နေအိမ်တွေဆိုင်တွေ အဖျက်ခံရတယ်လို့ကြားသိရပါတယ်။ ပစ္စည်းတွေပျောက်ဆုံးတာရှိတယ်။" ဟု အဆိုပါဒေသခံက ပြောသည်။
 
ထို့အပြင် မြန်မာစစ်တပ်မှ လမ်းပြရန်ဟု ကဒိုင်ကဒွတ်ကျေးရွာသား ကိုအောင်ဆိုသူကို ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မည်သည့်သတင်းမှကြားသိရခြင်း မရှိကြောင်း အဆိုပါဒေသခံက ထပ်မံပြောသည်။
 
နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် ကျေးရွာသားအများအပြားမှာ မိမိနေအိမ်များမှ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီများ အပါအဝင် အဝတ်အထည်များပါ လိုအပ်နေကြောင်း KNLA ပူးပေါင်းအဖွဲ့၏ စစ်ဘေးရှောင်ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
 
"စစ်ကောင်စီ တပ်တွေရွာတွေထဲကို အင်အားသုံးဝင်ရောက်ခဲ့တော့ ရွာသားတွေကကြောက်ပြီး ထွက်ပြေးကြရတယ်။ နေအိမ်တွေဆိုင်တွေလည်း ဖျက်ဆီးခံခဲ့ရတယ်ပေါ့နော်။ အခုအထိ စစ်ဘေးရှောင်ကျေးရွာသားတွေအတွက် စားနပ်ရိက္ခာတွေ ဆေးဝါးတွေ အဝတ်အထည်တွေ လိုအပ်နေတာရှိပါတယ်။ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်နိုင်တဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အကူအညီတွေက လိုအပ်နေဆဲဖြစ်ပါတယ်။" ဟု ဆိုသည်။
 
ထိုသို့ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်နေမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ (၉၀၀၀) ကျော်မှာ နေအိမ်များမှ ထွက်ခွာခဲ့ရပြီး လက်ရှိအချိန်အထိ နီးစပ်ရာတောတောင်များတွင် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။