စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ဆက်လက်ချုပ်နှောင်ခံထားရပြီး မိသားစုများ တွေ့ခွင့်မရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ စစ်တွေအမှတ်(၁) ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်းခံထားရပြီး မိသားစုဝင်များနှင့်တွေ့ခွင့်မရကြောင်း သိရသည်။

06 May 2022

DMG ၊ မေလ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ စစ်တွေအမှတ်(၁) ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်းခံထားရပြီး မိသားစုဝင်များနှင့်တွေ့ခွင့်မရကြောင်း သိရသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူများမှာ ဘော်ဒူပ(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ဖြစ်ကြသည်။ ၎င်းတို့ကို (မေလ ၄ ရက်နေ့) ည ၉ နာရီခန့်က မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

“လက်ရှိမှာတော့ သူတို့ကို စစ်တွေအမှတ်(၁)ရဲစခန်းမှ ဖမ်းထားတယ်။ ကျွန်တော်တို့နဲ့တွေ့ခွင့်မရဘူး။ ဘာဖြစ်လို့ဖမ်းသွားဆိုတာလဲ မသိရဘူး။ စစ်ဆေးစရာနည်းနည်းရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ။ အခုထိ ပြန်လွှတ်မပေးသေးဘူး။ မိသားစုတွေအနေနဲ့တော့ စိုးရိမ်းတာပေါ့”ဟု ၎င်းကဆိုသည်။

ဦးထွန်းလှစိန်မှာ သွေးတိုရောဂါနှင့် ဆီချိုရောဂါရှိပြီး ၎င်း၏ကျန်းမာရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်(၇)ဦးနှင့် ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို မြန်မာစစ်တပ်က မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းအထဲမှ ၆ ဦးကို ယမန်နေ့(မေလ ၅ ရက်) ညနေ့ ၇ နာရီခန့်က ပြန်လွှတ်ပေးခဲ့သည်။

ပြန်လည်လွတ်မြောက်လာသူများမှာ စစ်တွေမြို့နယ်၊ ဘောဒူပကျေးရွာမှ ဦးအောင်သိန်း၊ ဒါးပိုင်ကျေးရွာမှ ဆောလီ၊ မကျည်းမြိုင်အကွက်(၉)မှ ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ကျော်နု၊ အီစုဖ်နှင့် ဘော်ဒူပကျေးရွာ အုပ်ချုပ်ရေးမှူး၏ လက်ထောက်တစ်ဦးဖြစ်ကြသည်။

ပြန်လွတ်လာသူတစ်ဦးက “ကျွန်တော်တို့ကို မနေ့ကပြန်လွှတ်ပေးလိုက်တယ်။ သူတို့က ကျွန်တော်တို့ကို မေးမြန်းဖို့ခေါ်တာပါ။ ထွေထွေထူးထူးမေးတာတော့ မဟုတ်ဘူး။ သက်သတ်လိုင်စင်က အစိုးရဆီက ဘယ်လောက်နဲ့ဆွဲလဲ၊ လိုင်စင်က ဘယ်နှစ်ခုလောက်ဆွဲထားလဲ။ အဲဒါတွေကိုမေးတယ်။ သတ်တာပုတ်တာလည်း မရှိဘူး။ ခံဝန်လက်မှတ်လည်းမထိုးခဲ့ရဘူး”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့် မွတ်ဆလင် ၆ ဦး မနေ့ကပြန်လွတ်လာသည်မှာ ဟုတ်မှန်ကြောင်း ကျေးရွာတာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က ၆ ယောက်ပြန်လွတ်လာတယ်။ ကျန်တဲ့သူတွေတော့ မလွတ်သေးဘူး။ သူတို့ပြောတာကတော့ လိုင်စင်နဲ့ပတ်သက်ပြီးတော့ စစ်ဆေးတယ်လို့ပြောတယ်။ သူတို့က သားသတ်အလုပ်လုပ်တာဆိုတော့ လိုင်စင်တွေကို စစ်တယ်လိုပြောတယ်။ ကျန်တဲ့သူတွေ ဘာဖြစ်လို့မလွတ်သေးလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး”ဟု ကျေးရွာတာဝန်ခံတစ်ဦးကပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ဆက်လက်ချုပ်နှောင်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်ရာ ၎င်းအနေဖြင့်မသိသေးကြောင်း ပြောသည်။

ထိုကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှဆက်သွယ်ရာ အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည် ဧပြီလ ၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာအုပ်စု၊ င/ပွန်းကျေးရွာမှ မွတ်ဆလင် ရာအိမ်မှူးနှစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်ကဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။