အမ်းဂိတ်တွင်ဖမ်းဆီးခံရသည့် မွတ်ဆလင်လေးဦး လဝကအက်ဥပဒေဖြင့် အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်လေးဦးမှာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၆(၂)၊ ၆(၃)ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

12 Mar 2022

Photo - ရခိုင်နေ့စဉ်

DMG ၊ မတ် ၁၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်လေးဦးမှာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၆(၂)၊ ၆(၃)ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

အဆိုပါမွတ်ဆလင်လေးဦးမှာ ရခိုင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးသည့်အတွက် စစ်တွေမြို့မှ ရန်ကုန်၊ ယင်းမှတဆင့် မလေးရှားသို့သွားရောက်အလုပ်လုပ်ကိုင်ရန် စစ်တွေမှလူပွဲစားတစ်ဦးက ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု မွတ်ဆလင်များ၏ ပြောဆိုချက်အရသိရကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။

ဖမ်းဆီးခံရသူလေးဦးမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၂ ဦးဖြစ်ကြပြီး မတ်လ ၁၁ ရက်နေ့က ခရီးသည်တင်ယာဉ်၏ ကုန်ပစ္စည်းတင်ဆောင်သည့်နေရာ၌ လိုက်ပါလာသည်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အမ်းမြို့နယ်စခန်းမှူး ဒုရဲမှူးမျိုးကြည်ကပြောသည်။

“ရခိုင်ပြည်ကနေ ရန်ကုန်ဘက်ကို အလုပ်လုပ်ဖို့သွားကြတာပါ။ သူတို့ပြောတာကတော့ ရခိုင်ပြည်ဘက်မှာ အလုပ်အကိုင် မရှိတဲ့အတွက် ရန်ကုန်ကိုအလုပ်လုပ်ဖို့ သွားကြတာလို့တော့ပြောပါတယ်။ လောလောဆယ်မှာတော့ သူတို့ကို လဝက ကစစ်ဆေးနေပါတယ်။ သူတို့ကို လဝကဥပဒေ-၆(၂)နှင့် ၆(၃)နဲ့အမှုဖွင့်ထားပြီး အရေးယူမယ်ပေါ့နော်။ မနေ့က အချိန်မရလိုက်တဲ့အတွက် တရားရုံးကိုမသွားလိုက်ရဘူး”ဟု ၎င်းကဆိုသည်။

အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်ဘက်မှ ပြည်မဘက်သို့သွားသည့် မွတ်ဆလင်များကို မကြာခဏ ဖမ်းဆီးရမိသည်ဟုလည်း အမ်းမြို့နယ်စခန်းမှူးကဆက်ပြောသည်။ အဆိုပါဖမ်းဆီးမှုတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

လဝကအက်ဥပဒေပုဒ်မ- ၆(၂)မှာ အမြင့်ဆုံးထောင်ဒဏ် (၂)နှစ်ထိချမှတ်ခံရနိုင်ပြီး လဝကအက်ဥပဒေပုဒ်မ- ၆(၃)မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရနိုင်သည်။

မွတ်ဆလင်များမှာ အသွားအလာကန့်သတ်ခြင်းခံထားရပြီး ပြည်နယ်အတွင်း လွတ်လွတ်လပ်လပ်သွားလာခွင့်မရသည့်အပြင် ရခိုင်ပြည်ပြင်ပသို့သွားရောက်လျှင် အာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရပြီး ရခိုင်ကိုပြန်ပို့ခံနေရသည်ဟု မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့လူမျိုးတွေမှာ ရခိုင်ပြည်အတွင်းမှာနေရင်လည်း အလုပ်အကိုင်မရှိတဲ့အတွက် စားဝတ်နေရေး အဆင်မပြေဘူး။ တခြားပြည်မဖက်တွေကို အလုပ်လုပ်ဖို့သွားရင် ဖမ်းဆီးခံနေရပါတယ်။ ကျနော်တို့မှာ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေ ဖြစ်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

ထိုသို့ မွတ်ဆလင်များကို အသွားအလာကန့်သတ်ထားမှုအပြင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပါမှသာလျှင် ခရီးသွားလာခွင့်ပြုမည်ဟု စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့်အတွက် ဒေသခံအများအပြားမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။