အပစ်ရပ်ကာလ နေရပ်ပြန်မည့် စစ်ဘေးရှောင်များကို စစ်ကောင်စီ စာရင်းကောက်ခံနေ

မြန်မာစစ်တပ်နှင့် AA တို့ ယာယီ အပစ်အခတ်ရပ်စဲပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး မြောက်ဉီးမြို့နယ် ပြလှ၊ ဝက်လှ၊ လက်ကောက်‌ဈေးစသည့် စခန်းတာဝန်ခံများထံ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန တာဝန်ရှိသူတို့က ဖုန်းဆက်ကာ စာရင်းကောက်ခံလာခြင်းဖြစ်ကြောင်း သိရသည်။

By Admin 07 Dec 2022

အပစ်ရပ်ကာလ နေရပ်ပြန်မည့် စစ်ဘေးရှောင်များကို စစ်ကောင်စီ စာရင်းကောက်ခံနေ

ပြီးခဲ့သည့် တကျော့ပြန် စစ်ပွဲကာလအတွင်း စစ်ဘေးရှောင်လာကြသည့် စစ်ရှောင်များကို တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၇

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် နေရပ်ပြန်မည့် စစ်ဘေးရှောင်များအား စစ်ကောင်စီက လူဉီးရေ စာရင်းများ ကောက်ခံနေကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် AA တို့ ယာယီ အပစ်အခတ်ရပ်စဲပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး မြောက်ဉီးမြို့နယ် ပြလှ၊ ဝက်လှ၊ လက်ကောက်‌ဈေးစသည့် စခန်းတာဝန်ခံများထံ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန တာဝန်ရှိသူတို့က ဖုန်းဆက်ကာ စာရင်းကောက်ခံလာခြင်းဖြစ်ကြောင်း သိရသည်။

ပြလှစစ်‌ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်မောင်က “ အရင် စာရင်းတင်ထားတဲ့ လူတွေကို ပြန်ချင်ရင် ပြန်လို့ရတယ်လို့ ပြောလာတယ်။ ပြန်မယ့် လူတွေရှိတယ်။ ဒါပေမယ့် ထောက်ပံ့ကြေးတွေနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့မှ ပြန်မယ်လို့ပြောတယ်။ ကျွန်တော်တို့ စခန်းမှာတော့ အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၂၃၆ ယောက် ပြန်ဖို့ရှိတယ် ” ဟု DMG ကို ပြောသည်။

ဆက်လက်ပြီး ဉီးကျော်မောင်က “ စခန်းကလူတွေကတော့ စစ်ကောင်စီဘက်က ငွေကြေးနဲ့ ဆန်ရိက္ခာတွေ မထောက်ပံ့နိုင်ရင် ဘယ်လိုမှ မပြန်နိုင်ကြဘူးလို့ ပြောတယ်။ တစ်ခုမှ ထောက်ပံ့တာတွေ မရှိသေးဘူး။ ဘယ်နေ့ အိမ်ပြန်ရမလဲဆိုတာကိုလည်း မသိရသေးဘူး” ဟု ဆိုသည်။

ပြလှစခန်းတွင် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၆၆၇ ဉီးရှိပြီး နေရပ်ပြန်မည့်လူအများစုမှာ မြောက်ဉီးမြို့နယ် အောက်သားကန်၊ ပေါက်တောပြင် စသည့် ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

ထို့အတူ ၎င်းတို့မှာ အဆိုပါစခန်းများတွင် စားဝတ်နေရေးကျပ်တည်းမှု၊ အလုပ်အကိုင်အဆင်မပြေမှုများကြောင့် နေရပ်ပြန်လိုနေကြခြင်း ဖြစ်သည်။

ထိုနည်းတူ မြောက်ဦးမြို့နယ် ဝက်လှစစ်ဘေးရှောင်စခန်းကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်နေ့က နေရပ်ပြန်မည့်သူများ စာရင်းကို မြို့နယ်ထွေအုပ်က ဖုန်းဆက်မေးမြန်းလာကြောင်းဆိုသည်။

ဝက်လှစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစံညွန့်က “ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ငွေ ၅ သိန်းထောက်ပံ့ရင် နေရပ်ပြန်ဖို့ စာရင်းတင်ထားတဲ့ အိမ်ထောင်စုတွေက ပြန်ဖြစ်ပါ့မလားဆိုပြီး ထွေအုပ်က ဖုန်းဆက်သွယ်လာတယ်။ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၆၈ ယောက်တော့ တင်လို့ရှိပါတယ်။ သူတို့ကလည်း ငွေ ၅ သိန်းနဲ့ ဆန် ၂ လစာ ထောက်ပံဖို့လို့ (အရင်က) အစည်းအဝေးတွေမှာ ပြောလို့ရှိလို့ စစ်ဘေးရှောင်တွေကလည်း အဲဒါတွေရမှ ပြန်ကြမှာပါ ” ဟု ပြောသည်။

ဝက်လှ စစ်ဘေးရှောင်များမှာ ယခင်တိုက်ပွဲရပ်တန့်ချိန်ကတည်းက နေရပ်ပြန်ရန် စာရင်းပေးထားခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်ခဲ့ကြပေ။ အဆိုပါ လူများအား ယခုအခါတွင် အိမ်ပြန်ရန် ဆန္ဒရှိပါက ပြန်နိုင်ရေးလုပ်ပေးရန် ထပ်မံအကြောင်းကြားလာခြင်းဟုလည်း စခန်းတာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ ဝက်လှ စစ်ဘေးရှောင်စခန်းတွင် ဘုရားကြီး၊ အောက်သားကန်၊ လက္ကာ စသည့် ကျေးရွာများမှ လူဉီးရေ ၁၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

သို့သော်လည်း မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ အများဆုံးနေထိုင်သည့် စခန်းများဖြစ်သည့် တိန်ညိုစခန်း၊ မြတန်ဆောင်းစခန်း၊ မြို့ဦးခေါင်းစခန်း၊ ပီပင်ရင်းစခန်း၊ မြို့သစ်စခန်း စသည့် စခန်းတို့ထံ စာရင်းကောက်ခံမှုများ မရှိသေးကြောင်း စခန်းတာဝန်ရှိသူတို့ထံမှ သိရသည်။

ယင်းအပြင် တချို့စစ်ဘေးရှောင်များမှာ လုံခြုံရေးအာမခံချက်မရှိခြင်း၊ ကျေးရွာအနီး မိုင်းအန္တရာယ်ကိုစိုးရိမ်ခြင်းနှင့် ၎င်းတို့အတွက် လုပ်ကိုင်စားသောက်ရန် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ မရှိတော့ခြင်းကြောင့် နေရပ်ပြန်နိုင်ရေး မလွယ်ကူနိုင်သေးဟုလည်း ပြောဆိုနေကြသည်။

မြောက်ဦး မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်း ဆရာတော်က “ စစ်ဘေးရှောင်တွေရဲ့ အိမ်မက်က နေရပ်ပြန်ရေးပါပဲ။ အဲဒီအတွက်လည်း အဟန့်အတား ဖြစ်နေတာက လုံခြုံရေး အာမခံချက်မရှိဘူး။ ပြီးရင် မိုင်းအန္တရယ်တွေကလည်း အများကြီး ရှိသေးတယ်။ ပြန်ရင်ကကော ဘာနဲ့ လုပ်ကိုင်စား သောက်ကြမလဲဆိုတဲ့ တစ်ချက်ကလည်း တကယ့်ကို အဟန့်အတားကြီး ဖြစ်နေပါတယ် ” ဟု DMG ကို မိန့်ကြားသည်။

ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မည်သို့မည်ပုံဆောင်ရွက်ပေးနေသည်ကို သိရှိနိုင်ရေးအတွက် ပြည်နယ်အစိုးရရုံးမှ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းအား DMG က မေးမြန်းရန် သွားခဲ့သော်လည်း ရုံးခန်းတာဝန်ရှိသူက အစည်းအဝေးရှိသဖြင့် မအားသေးကြောင်း တုန့်ပြန်သည်။

သို့သော်လည်း BBC မြန်မာပိုင်း သတင်းဌာနတွင်မူ မြောက်ဦးခရိုင်က အိမ်ထောင်စုပေါင်း ၁၂၀၀ လောက် နေရပ်ပြန်ချင်သည်ဟုဆိုကာ စာရင်းပေးထားသည့်အတွက် စာရင်းကောက်ခိုင်းထားကြောင်း ဉီးလှသိန်းက ပြောဆိုထားသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှ စတင်ကာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ရှိလာပြီး ယခင်ကတိုက်ပွဲကာလအတွင်းက စစ်ဘေးရှောင်လာခဲ့ရကာ နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့် ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။