မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ဘူးရွက်မညိုးကျေးရွာနှင့် အောက်သားကန်ကျေးရွာကြားတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ ယနေ့(သြဂုတ်လ ၂၈ ရက်) ညနေ ၃ နာရီအချိန်ခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာ ၆ ရွာမှဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

28 Aug 2022

DMG ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ဘူးရွက်မညိုးကျေးရွာနှင့် အောက်သားကန်ကျေးရွာကြားတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ ယနေ့(သြဂုတ်လ ၂၈ ရက်) ညနေ ၃ နာရီအချိန်ခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာ ၆ ရွာမှဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ညနေပိုင်းက လင်းမြွေတောင်ဖက်မှလာသည့် အင်အား ၁၀၀ ကျော်ပါဝင်သော မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုသည်   လက္ကာကျေးရွာနှင့် ဘူးရွက်မညိုးကြားသွားလာနေစဉ် AA ဖက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

"စစ်သား ၁၀၀ ကျော်က လင်းမြွေတောင်ဘက်ကလာတယ်။ တိန်ညိုကိုခဏဝင်ခဲ့တယ်။ ပြီးရင် လက္ကာရွာကိုဝင်တယ်၊ ဘူးရွက်မညိုးကိုဝင်တယ်။ လူခွဲပြီးတော့ သွားနေကြတာပါ။ သူတို့လာတဲ့ အာရှလမ်းမှာ မိုင်းတစ်လုံးပေါက်ပါတယ်။ ပြီးရင် စစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေပစ်တယ်။ တချို့ကျေးရွာတွေကို ကျတယ်"ဟု ဝေသာလီကျေးရွာသားတစ်ဦးကပြောသည်။

ယင်းအပြင် သင်းကျိပ်တောင်ဘုရားပေါ်မှဆင်းလာသည့် အင်အား ၆၀ ကျော်ပါသောစစ်ကြောင်းတစ်ခုမှာလည်း ဘူးရွက်မညိုးကျေးရွာသို့ ဝင်ရောက်လာသောကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဘူးရွက်မညိုးကျေးရွာသားတစ်ဦးကပြောသည်။

"ကျနော်တို့ ဘူးရွက်မညိုးမှာ စစ်သားတွေရှိနေပါသေးတယ်။ တရွာလုံး ထွက်ပြေးလာရတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့။ အခုလည်း စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိပါတယ်။ ဒီလိုပဲဆက်ဖြစ်နေမယ်ဆိုရင် စားဝတ်နေရေးအစခတ်သိမ်း အခက်အခဲဖြစ်မှာသေချာတယ်"ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ပွဲကြောင့် အနီးအနားကျေးရွာများဖြစ်သည့် လက္ကာ၊ဘူးရွက်မညိုး၊ ဘုရားကြီး၊ ပေါက်တောပြင်၊ ဝေသာလီနှင့် အောက်သကန် စသည့်ကျေးရွာ ၆ ရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက္ကာကျေးရွာသားတစ်ဦးဖြစ်သည့် ကိုအိမ်ဆောက်ထွန်းက "တခြားရွာတွေကတော့ နီးစပ်ရာရွာတွေဆီ ကပ်ခံသွားလို့ရပေမယ့် ကျနော်တို့ရွာကျတော့ လမ်းမကြီးနားမှာဖြစ်နေတာ ကြောင့် တခြားရွာတွေဆီပြေးသွားဖို့ကခက်တယ်။ ဒါကြောင့် တောတောင်ထဲဝင်ပြေးပြီး ပုန်းနေရတယ်။ အရမ်းအခက်အခဲဖြစ်နေပါတယ်"ဟု ဆိုသည်။

အဆိုပါတိုက်ပွဲမှာ ယနေ့ညနေ ၃ နာရီကျော်အချိန်မှ ညနေ ၆ နာရီအထိဖြစ်ပွားခဲ့ပြီး စစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၆ မိုင်ကျော်ခန့်ဝေးသည့် ကင်းဆိပ်ကျေးရွာသို့လည်း မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ကင်းဆိပ်ကျေးရွာ မှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၆၈ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။