- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ် သုံးဦး ဒဏ်ရာရ
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် မနေ့က ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ် ၃ ဦး ပြင်းထန်ဒဏ်ရာ အသီးသီးရရှိသွားသည်ဟု သိရသည်။
02 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် မနေ့က ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ် ၃ ဦး ပြင်းထန်ဒဏ်ရာ အသီးသီးရရှိသွားသည်ဟု သိရသည်။
လူငယ် ၇ ဦးသည် ကျေးရွာအနီးရှိ တောင်တန်းများသို့ ထင်းခုတ်ရန်သွားရောက်ကြစဉ် အသက် ၁၇ နှစ်အရွယ် လှနိုင်သန်း၊ ဦးလင်းအောင်နှင့် အသက် ၁၈ နှစ်အရွယ် ကိုစိုးလင်းထွန်းတို့မှာ လက်မောင်း၊ ဝမ်းဗိုက်များတွင် ဒဏ်ရာအသီးသီးရရှိသွားခြင်းဖြစ်သည်။
“ ရွာအနားက တောင်ကို ၇ ယောက်က ထင်းခွေဖို့သွားကြတာပါ။ အဲဒီမှာ ထင်းတုံးကို တောင်ပေါ်က ချလိုက်တဲ့အခါ လက်နက်ကြီး (ဒါမှမဟုတ်) ဗုံးနဲ့ထိပြီးတော့ ပေါက်ကွဲမှုဖြစ်ပြီး အခုလို ဒဏ်ရာရသွားတာပါ။ လက်မောင်းတွေမှာ ဒဏ်ရာရကြတဲ့ သူတွေအတွက် စိုးရိမ်စရာတော့ မရှိဘူး။ ဝမ်းဗိုက်မှာ ဒဏ်ရာရသွားတဲ့ စိုးလင်းထွန်းကတော့ စိုးရိမ်ရပါတယ်။ ” ဟု ကိုလှနိုင်သန်းဖခင် ဦးမောင်ထွီးလှက DMG သို့ ပြောသည်။
ထင်းတုံးနှင့်ထိမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကျန်ပစ္စည်းမှာ လက်နက်ကြီးကျည်နှင့် ဗုံး ဟုတ်၊ မဟုတ် သေသေချာချာ မသိရသေးကြောင်း ဒေသခံများကဆိုသည်။
ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည့် ကိုစိုးလင်းထွန်းမိသားစုမှာ လက်လုပ်လက်စားဖြစ်ပြီး တောတောင်များသို့ သွားရောက်ကာ ထင်းခွေခြင်း စသည့် ကြုံရာကျပန်းအလုပ်များကိုသာ လုပ်ကိုင်စားသောက်နေရသောကြောင့် ငွေကြေးအခက်အခဲရှိသဖြင့် ဆေးကုသရန် အခက်အခဲရှိသည်ဟု ဒေသခံ ကိုကျော်သိန်းစိုးက ပြောသည်။
“သူတို့ မိသားစုတွေက တနေ့လုပ်မှ တနေ့စားရတာပါ။ ဒဏ်ရာနည်းနည်းပြင်းထန်တော့ သူတို့မှာ ဆေးကုသဖို အခက်အခဲ ရှိပါတယ်။ အခုချိန်ထိလည်း ဆေးရုံမသွားနိုင်သေးပါဘူး။ ” ဟု ကိုကျော်သိန်းစိုးကဆိုသည်။
ယခု စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်တန်းသည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) စစ်ရေးပြင်းထန်စဉ်ကာလက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ် (ပလုံတောကျေးရွာ) တွင်လည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မွတ်ဆလင် ကလေးငယ် နှစ်ဦးဒဏ်ရာရရှိ သွားသည်။
ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း စစ်ကျန်လက်နက်များပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေ၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စစ်ကျန်လက်နက်ခဲယမ်းများကို ရှင်းလင်းရန်လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကာလမှာ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်တွေအများကြီး၊ မြေမြုပ်မှိုင်းတွေဆိုရင်လည်း အများကြီးရှိနိုင်တယ်။ တည်ငြိမ်မှုရှိနေတဲ့ကာလမှာ နှစ်ဖက်လက်နက်ကိုင်တွေအနေနဲ့ ညှိနှိုင်းပြီးတော့ စစ်ကျန်လက်နက်တွေကို ဖြေရှင်းတဲ့ လုပ်ငန်းတွေကို အားစိုက်ပြီးတော့ လုပ်ဖို့လိုအပ်ပါတယ်” ဟု ကိုဇော်ဇော်ထွန်းက အကြံပြုသည်။
ထိုသို့ စစ်ကျန်လက်နက်များ မကြာခဏပေါက်ကွဲနေသောကြောင့် ရခိုင်က မြို့နယ် ၁၀ ခုတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ မိုင်းအန္တရာယ် အသိပညာပေးမှုလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။