- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တွင်ဖမ်းဆီးခံရသည့် မွတ်ဆလင်များထဲမှ ၄၄ ဦးကို ထောင်ဒဏ်တစ်နှစ်စီချမှတ်၊ အသက်မပြည့်သူ ၃၂ ဦးကို ငွေဒဏ်ချမှတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၄၄ ဦးကို လဝကအက်ဥပဒေအရတရားစွဲဆိုပြီး ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်ပြီး အသက်မပြည့်သူ ၃၂ ဦးကို ငွေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
30 Dec 2021
DMG ၊ ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၄၄ ဦးကို လဝကအက်ဥပဒေအရတရားစွဲဆိုပြီး ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်ပြီး အသက်မပြည့်သူ ၃၂ ဦးကို ငွေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် မွတ်ဆလင် ကျား(၁၇)ဦး၊ မ(၄၉)ဦး၊ ကလေး(၁၁)ဦးတို့မှာ တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ်-၈၆ အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုအထဲမှကလေးတစ်ဦးမှာ အသက်ရှူကျပ်ကာ သေဆုံးခဲ့သည်။
ထိုသို့ဖမ်းဆီးခံရသည့်မွတ်ဆလင်များထဲမှ ၃၃ ဦးကို လဝကအက်ဥပဒေပုဒ်မ-(၆၂)၊ ပုဒ်မ(၆၃)တို့ဖြင့်တရားစွဲဆိုပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်နှစ်စီချမှတ်ခဲ့သည်။
ကျန်မွတ်ဆလင် ၄၃ ဦးထဲမှ ၁၁ ဦးကိုလည်း လဝကအက်ဥပဒေဖြင့်တရားစွဲဆိုပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်ကာ အသက်မပြည့်သေးသူ ၃၂ ဦးကို ဒဏ်ငွေ ၅၀၀ ကျပ်စီချမှတ်ခဲ့ကြောင်း တောင်ကုတ်မြို့နယ်စခန်းမှသိရသည်။
"အသက်ပြည့်ပြီးဖြစ်တဲ့လူ ၁၁ ဦးကို ထောင်တစ်နှစ် ချလိုက်တယ်။ အသက်မပြည့်သေးတဲ့ ကျန်တဲ့ကလေးငယ် ၃၂ ဦးကို ဒဏ်ငွေရိုက်ပြီးပြန်လွှတ်ပေးလိုက်တယ်"ဟု တောင်ကုတ်မြို့နယ်စခန်းမှ ရဲအုပ်ခင်မောင်ဆန်းကပြောသည်။
အဆိုပါမွတ်ဆလင် ၇၇ ဦးကို ၆ ဘီးယာဉ်တွင် ကြက်ထည့်သည့်ခြင်းများဖြင့်အံဝှက်ပုံစံပြုလုပ်ကာ တင်ဆောင်လာခဲ့သည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကိုတင်ဆောင်လာသောယာဉ်မှ ယာဉ်မောင်း ဦးမိုးဝင်း(အမှတ်(၁)ရက်ကွက် စစ်ကုန်း၊ မင်းတုန်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး)နှင့် ယာဉ်နောက်လိုက် ဦးစည်သူ(အောင်မင်္ဂလာရပ်ကွက်၊ စခန်းကြီးကျေးရွာ၊ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး)တို့နှစ်ဦးကိုလည်း တရားမဝင်လူမှောင်ခိုကူးမှုဖြင့် တောင်ကုတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
"ကားဆရာ ၂ ဦးကို တရားမဝင်လူမှောင်ခိုကူးမှု ရာဇသတ်ကြီးပုဒ်မ-၃၆၇ နဲ့ တောင်ကုတ်ရဲစခန်းမှာ လဝကမှတရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ လောလောဆယ်တော့ သူတို့ကို တောင်ကုတ်ရဲစခန်းမှာထိန်းသိမ်းထားတယ်"ဟု ရဲအုပ်ခင်မောင်ဆန်းကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့သွားရောက်ရန် ရခိုင်ပြည်နယ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသည့် မွတ်ဆလင် ၂၂၈ ဦးကို ဖမ်းဆီးခဲ့သည်။
ယင်းအထဲမှ မွတ်ဆလင်အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၄၅ ဦးအပါအဝင် ဗမာလူမျိုး ၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး စုစုပေါင်း(၁၀၉)ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးခံရသူများထဲမှ အသက် ၁၀ နှစ်အောက်ကလေး ၂၉ ဦးကို သက်ဆိုင်ရာမိသားစုများထံ လွဲပြောင်းပေးအပ်ခဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ၉၀ ဦးကို မောင်တောမြို့နယ်တရားရုံးမှ ပြန်လွှတ်ပေးခဲ့သည်။