မောင်တောတွင် မူလတန်းကျောင်းသားနှစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့မှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) နေ့လည် ၁ နာရီအချိန်က ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

23 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့မှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) နေ့လည် ၁ နာရီအချိန်က ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါကလေးနှစ်ဦးမှာ နေ့လည်ကျောင်းတစ်ပိုင်းနားချိန်တွင် နေအိမ်သို့ပြန်ရာ၌ ယင်းသို့ကားတိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရွှေဗဟိုမူလတန်းကျောင်းအုပ် ဦးမောင်ထွန်းကျော်ကပြောသည်။

“နေ့လည်ပိုင်းမုန်းစားကျောင်းဆင်းချိန်မှာ တေဘာကားက ဝင်တိုက်လိုက်တာ။ ကျောင်းသူတစ်ဦး၊ ကျောင်းသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု DMG သို့ပြောသည်။

ထိုသို့ကားတိုက်ခံရ၍ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနုနှင့် အသက် ၅ နှစ်အရွယ် KG တန်းကျောင်းသား မောင်ထွန်းထွန်းလင်းတို့မှာ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကျောင်းသားများကိုတိုက်ခဲ့သော တေဘာကားယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာမှ မောင်းနှင် ထွက်ပြေးသွားသဖြင့် လက်ရှိမှာ ဒေသခံများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိသည်။