လက်ရှိဖြစ်ပွားနေသောမုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်တွင် နေရာကွက်၍မိုးကြီးနိုင်

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာနေပြီး အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

13 Sep 2021

photo - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

DMG ၊ စက်တင်ဘာ ၁၃

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာနေပြီး အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်၏ ရွှေ့လျားမှုမှာ အိန္ဒိယနိုင်ငံဘက်သို့ဦးတည်နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းအန္တရာယ်ခံရမည့်အခြေအနေမရှိတော့ဘဲ အဆိုပါမုန်တိုင်းငယ်၏အရှိန်ကိုသာ ခံရနိုင်ဖွယ်ရှိတော့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။

“မုန်တိုင်းအရှိန်သက်ရောက်မှုအနေနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေးပြင်းကျ လှိုင်းလေထန်မယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ အခြားကမ်းရိုးတန်းဒေသတွေမှာပေါ့။ နောက်ပြီး မုန်တိုင်းအရှိန်ကြောင့် မုတ်သုန်က အားကောင်းတော့မှာဖြစ်တဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ မိုးရွာတဲ့အခါမှာ လေပြင်းတိုက်တာတွေရှိနိုင်ပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာ နေရာကွက်မိုးကြီးတာနဲ့ ဒေသအလိုက်မိုးကြီးတာတွေဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

မုန်တိုင်းအရှိန်ကြောင့် နေရာကွက်၍မိုးကြီးခြင်း၊ ဒေသအလိုက်မိုးကြီးခြင်းများးလည်းရှိနိုင်သည့်အတွက် တောင်ကျချောင်းနှင့်ဆပ်စပ်နေသည့်ဒေသများတွင် ရေကြီးရေလျှံမှုကိုသတိထားရမည်ဖြစ်ကြောင်းလည်း ဦးလှထွန်းကဆိုသည်။

“တောင်ကျချောင်းရေတွေနဲ့ ဆပ်စပ်တဲ့နေရာတွေမှာ ရေတော့တက်နိုင်တာတွေရှိတယ်။ ဒါပေမယ့် ရာသီကာလအရ မိုးနှောင်းကာလဖြစ်နေတဲ့အတွက် အရင်တစ်ခေါက် သံတွဲမှာ ရေကြီးသလိုမျိုးတော့ မဖြစ်နိုင်ဘူး”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ နေရာကွက်မိုးကြီးနိုင်သည့်အတွက် အချို့ဒေသများတွင် မိုးရေချိန် ၃ လက်မအထက်ရှိနေနိုင်ပြီး ထူးကဲမိုးရေအချိန်အဖြစ် ၁၀ လက်မကျော်သည်အထိ ရွာသွန်းနိုင်ခြေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့်မုန်တိုင်းငယ်သည် ယနေ့(စက်တင်ဘာလ၁၃)ညနေပိုင်းတွင် အိန္ဒိယကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဖြင့်သာ ပျောက်ကွယ်သွားနိုင်ခြေများကြောင်း သိရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ရေလုပ်သားများအနေဖြင့် သတိထားရန်လိုအပ်ကြောင်းနှင့် လက်ရှိတွင် မိုးနှောင်းကာလဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိုးကြိုးအန္တရာယ်ကိုလည်း သတိကြီးကြီးထားရန်လိုကြောင်း သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ရွှေ့လျှားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ သြရိဿမြောက်ပိုင်းကမ်းခြေမှ ဖြတ်ကျော်သွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။