- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ စစ်ဘေးရှောင်စခန်းများတွင် ဆောင်းတွင်းကာလအတွက် အနွေးထည်နှင့် စောင်များ လိုအပ်နေ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များမှာ ယခုအခါ အအေးဒဏ်ကို စတင်ကြုံတွေ့လာရပြီး ဆောင်တွင်းကာလအတွက် အနွေးထည်များနှင့်စောင်များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများထံမှ သိရသည်။
26 Oct 2022
ရခိုင်စစ်ဘေးရှောင်ကလေးငယ်များကို ၂၀၁၉ ခုနှစ်၊ အစောပိုင်းက တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၆
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များမှာ ယခုအခါ အအေးဒဏ်ကို စတင်ကြုံတွေ့လာရပြီး ဆောင်တွင်းကာလအတွက် အနွေးထည်များနှင့်စောင်များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများထံမှ သိရသည်။
လူဦးရေ ၄၀၀ ကျော်နေထိုင်သည့် ကျောက်တော်မြို့၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် လက်ရှိအချိန်ထိ အနွေးထည်နှင့်စောင်များ ထောက်ပံမည့် လူမှုအဖွဲ့အစည်းများ မရှိသေးကြောင်း စခန်းတာဝန်ခံ ဦးကျော်ဝင်းက DMG သို့ပြောသည်။
“စောင်တွေ အနွေးထည်တွေ လုံလောက်မှု မရှိပါဘူး။ အဓိကတော့ အနွေးထည်ပါ။ အခုတော့ ဆောင်းဦးစ ဆိုတော့ သိပ်မချမ်းသေးတော့ အနွေးထည် ပါးပါးလေးနဲ့ နေလို့ရတယ်။ ချမ်းလာရင်တော့ နေလို့မရတော့ဘူး။ ဒါကြောင့် အဲဒီအဆင့်ကိုကျော်ဖို့အတွက် စောင်တွေ၊ အနွေးထည်တွေ လုံလောက်မှုမရှိတော့ ကျနော်တို့အတွက် အခက်အခဲရှိမယ်ထင်ပါတယ်။ အခုထိတော့ ဘယ်အဖွဲ့အစည်းကမှ စောင်တွေ၊ အနွေးထည်တွေ လာမလှူသေးပါဘူး”ဟု သူကပြောသည်။
မင်းပြားမြို့နယ်၊ ပုလဲပေါက်စစ်ဘေးရှောင်စခန်းတွင်လည်း လက်ရှိတွင် စောင်နှင့် အနွေးထည်များကို လာရောက်ထောက်ပံ့သူ မရှိသေးသော်လည်း ယခင်နှစ်မှကျန်ခဲ့သည့် စောင်များဖြင့် ခြုံနေရသည်ဟု စစ်ဘေးရှောင် ဦးစံလှကျော်က DMG သို့ပြောသည်။
“အရင်နှစ်ကကျန်ခဲ့တဲ့ စောင်နဲ့ အနွေးထည်ကိုပဲ အားကိုးရတာပေါ့။ အရင်နှစ်က ထောက်ပံထားတဲ့ စောင်တွေ၊ အနွေးထည်တွေ ရှိတဲ့သူတွေမှာ ရှိကြတယ်။ မရှိတဲ့ သူတွေဆိုရင် မလုံလောက်ဘူးပေါ့။ အခုကတော့ လာရောက်ထောက်ပံ့တာတော့ မရှိသေးဘူး။ အခုအချိန်ကတော့ အားလုံးစစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေကြတာပါ”ဟု သူကပြောသည်။
မြောက်ဦးမြို့၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးရှောင်များအား လာရောက်ထောက်ပံ့မှု မရှိကြသည့်အတွက် စစ်ဘေးရှောင်များမှာ အခက်အခဲဖြစ်ကြရသည်ဟု စခန်းတာဝန်ခံ ဦးမောင်ဖြူချေက DMG သို့ ပြောသည်။
“စောင်၊ အနွေးထည်တွေကတော့ လိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်နေကြပါတယ်။ အခုဆိုရင် ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တာမရှိဘူးလေ။ အစိုးရကလည်း မထောက်ပံ့တော့ဘူး။ သိပ်အခက်အခဲ ဖြစ်နေကြပါတယ်။ အခုက ရာသီကူးအပြောင်းဆိုတော့ ကလေးတွေမှာ ဖျားတာ၊ ချောင်းဆိုး၊ နှာစေးတာတွေရှိတယ်။ စောင်တွေ၊ အနွေးထည်တွေက အခုကနေပေးထားမှ အရမ်းအေးတဲ့အခါ အဆင်ပြေမှာလေ”ဟု သူကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင်လည်း ယခင်က စောင်များနှင့် အနွေးထည်များကို အဖွဲ့အစည်းများမှ လာရောက်ထောက်ပံကြသော်လည်း ယခုဆောင်းတွင်းကာလတွင် ထောက်ပံရန် လာရောက်သူမရှိသေးကြောင်း စခန်းတာဝန်ခံ ကိုအောင်နိုင်ဝင်းက DMG သို့ပြောသည်။
“အရင်နှစ်ကဆိုရင် စောင်တွေ၊ အနွေးထည်တွေကို အဖွဲ့အစည်းတွေက လာရောက်ထောက်ပံ့ကြတယ်။ ဒီနှစ်မှာကတော့ မရောက်ကြသေးဘူး။ ချမ်းစလည်းပြုလာပြီဆိုတော့ ကလေးတွေကလည်း နှာစေး၊ ချောင်းဆိုး ဖြစ်နေကြတာတွေလည်းရှိတယ်။ အလုံအလောက်တော့ မရှိကြဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက ဝယ်နိုင်တယ်။ မတတ်နိုင်တဲ့သူတွေကတော့ ထောက်ပံမယ့်သူမရှိရင် ခံရတာပေါ့”ဟု သူကပြောသည်။
ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ဩဂုတ်လမှ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ ရှိလာခဲ့ပြီး ယခင် စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိရှိလာပြီဟု ကုလသမ္မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။