- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အစိုးရမှ ဆောက်လုပ်ပေးထားသော နေပူခံစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် အဝတ်အထည်များလိုအပ်နေ
အစိုးရမှဆောက်လုပ်ပေးထားသော ကျောက်တော်မြို့ပေါ်က နေပူခံစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအပြင် အဝတ်အထည် ပစ္စည်းများလည်းလိုအပ်နေကြောင်း ယင်းစခန်းရှိ ဒုက္ခသည်များထံမှ သိရသည်။
04 Sep 2021
DMG ၊ စက်တင်ဘာ ၃
အစိုးရမှဆောက်လုပ်ပေးထားသော ကျောက်တော်မြို့ပေါ်က နေပူခံစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအပြင် အဝတ်အထည် ပစ္စည်းများလည်းလိုအပ်နေကြောင်း ယင်းစခန်းရှိ ဒုက္ခသည်များထံမှ သိရသည်။
အဆိုပါစခန်းမှဒုက္ခသည်များကို လူတစ်ဦးလျှင် တစ်နေ့အတွက် ဆန်နို့ဆီဗူး ၂ ဗူးနှုန်းဖြင့် တစ်လအတွက် ဆန်ဗူး ၆၀ ကို အစိုးရမှ ထောက်ပံ့ပေးမှုရှိကြောင်း သိရသည်။
သို့သော် အစိုးရမှထောက်ပံ့မှုမှာ လုံလောက်မှုမရှိဘဲ အခြား NGO၊ INGO၊ ပုဂ္ဂလိအလှူရှင်များထံမှလည်း ထောက်ပံ့ပေးမှုမရရှိကြသဖြင့် ဝမ်းရေးအတွက် ဖြစ်သလိုဖြေရှင်းနေရသည်ဟု စခန်းတာဝန်ခံ ဦးမောင်အေးစိုးကပြောသည်။
“စစ်ဘေးရှောင်စခန်းမှာက ဆန်တစ်ခုတည်းနဲ့မလည်ပတ်နိုင်ဘူး။ မိသားစုများတဲ့သူတွေဆိုရင် ပိုပြီးတော့အခက်အခဲဖြစ်တယ်။ အသုံးစရိတ်အတွက် ငွေကြေးလည်းမရှိတော့ ရှိတဲ့ဆန်ကိုရောင်းချပြီး လိုအပ်တာတွေကို ဝယ်ယူသုံးစွဲကြတယ်။ တခါတလေ ငရုတ်သီးတစ်ခုတည်းနဲ့စားရတာရှိသလို တခါတလေထမင်းတစ်ခုတည်း ဆားနဲ့စားရတဲ့အခြေနေလည်းရှိပါတယ်“ဟု ၎င်းကဆိုသည်။
အဆိုပါကစစ်ဘေးရှောင်စခန်းမှာ EPC မှ လျှပ်စစ်မီးဖြန့်ဝေပေးထားသည့်အတွက် မီတာခကိုလည်းတစ်လလျှင် အနည်းဆုံး နှစ်သိန်းကျော်ကို အစိုးရမှကုန်ကျမခံပဲ စစ်ဘေးရှောင်များကသာ မရှိသည့်ကြားမှ ရှာကြံပြီးပေးချေနေရသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။
လက်ရှိအချိန်မှာ ယင်းစခန်းအတွက် ပုံမှန်ထောက်ပံ့ပေးနေသည့် WFP အဖွဲ့မှ ထောက်ပံ့မှုမရရှိသည်မှာ ၃ လထိရှိနေပြီဖြစ်ပြီး အစိုးရမှ သြဂုတ်လအတွက် ထောက်ပံ့ပေးထားသည့် ဆန်ရိက္ခာတစ်ခုတည်းနှင့်သာ စားရေးသောက်ရေးအတွက် ဖြေရှင်းနေရသည်။
ယင်းစစ်ဘေးရှောင်စခန်းမှာ ခြင်ထောင်၊ အဝတ်အထည်၊ စောင် စသည့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ထောက်ပံ့ပေးမှုမရရှိဘဲ စခန်းစဖွင့်ချိန်က ထောက်ပံ့ပေးထားသည့် ဟောင်းနွမ်းနေသည့် အသုံးအဆောင်များကိုသာ သုံးစွဲနေရရကြောင်းလည်း စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးမောင်ဦးကပြောသည်။
“အစိုးရကတာဝန်ယူထားတယ်ဆိုပေမဲ့ ကျနော်တို့စစ်ဘေးရှောင်စခန်းကိုလုံလုံလောက်လောက်နဲ့ဘာတစ်ခုမှ ထောက်ပံ့ပေးတာမရှိဘူး။ထမင်းဆိုရင်လည်း မငတ်ရုံ ပဲရှိတယ်။ အခုဆိုရင် ခြင်ထောင်တွေလည်းမရှိဘူး။ အဝတ်အထည်တွေဆိုရင် လိုအပ်တယ်။ တခြားစခန်းတွေလို ထောက်ပံ့ပေးတဲ့သူတွေမရှိတော့ ပိုပြီးတော့ အခက်အခဲဖြစ်တယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက်အပြင်ထွက်ပြီးတော့ အလုပ်လုပ်လို့လည်းမရဘူးဖြစ်နေတယ်“ ဟု ပြောသည်။
နေပူခံစစ်ဘေးရှောင်စခန်းကို ယခင်အစိုးရလက်ထက်က ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ကျောက်တော်မြို့နယ်၊ တင်းမ၊ ပြိုင်းတိုင်းကျေးရွတို့အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ လူဦးရေ ၂၀၀၀ ကျော် ခိုလှုံနေထိုင်လျှက်ရှိကြသည်။
အစိုးရမှတာဝန်ယူဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင်စခန်း၌ ယခုကဲ့သို့စားဝတ်နေရေးအခက်အခဲများရှိနေပါက တခြားစစ်ဘေးရှောင်စခန်းများတွင် ပိုပြီးအခက်အခဲဖြစ်လာနိုင်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ထောက်ပြပြောဆိုသည်။
“အစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ စခန်းတွေမှာတောင် အခုလိုစားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်ဆိုရင် သူတို့ တရားဝင်မသတ်မှတ်တဲ့စခန်းတွေဆို ပိုပြီးအခက်အခဲဖြစ်နိုင်တယ်ဆိုတာကို ပြောစရာမလိုတော့ဘူး။ သူတို့ကို တာဝန်ယူထောက်ပံ့ပေးနေတဲ့သူတွေအနေနဲ့လည်း ဒီကာလမှာ ဂရုတစိုက်နဲ့လုံလုံလောက်လောက်ဖြစ်အောင် ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်“ ဟု ဆိုသည်။
လက်ရှိကိုဗစ်ကာလဖြစ်သည့်အတွက် အလှူရှင်ထောက်ပံ့မှုနည်းပါးနေသည့်အပြင် ပြင်ပို့သွားရောက်ပြီး အလုပ်လုပ်ကိုင်ခွင့်မရရှိသည့်အတွက် ဒုက္ခသည်များမှာ စားဝတ်နေရေး ပိုပြီးအခက်ကြုံနေကြရသည်။