- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နန္ဒဝန်ဥယျာဉ်ကို ပုဂ္ဂလိကသို့ငှားရမ်းကာ အပန်းဖြေဥယျာဉ်အဖြစ်ဖော်ဆောင်သွားမည်
စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ နန္ဒဝန်ဥယျာဉ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းကာ ပြည်သူများအတွက် အပန်းဖြေဥယျာဉ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ပြောသည်။
08 Mar 2022
DMG ၊ မတ် ၈
စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ နန္ဒဝန်ဥယျာဉ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းကာ ပြည်သူများအတွက် အပန်းဖြေဥယျာဉ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ပြောသည်။
လက်ရှိတွင် အစည်းအဝေးဆုံးဖြတ်ချက်မကျသေးသဖြင့် မည်သူကိုငှားရမ်းမည်ကို အတိအကျမသိရသေးကြောင်းနှင့် မိုးရာသီမရောက်မီ လုပ်ငန်းစတင်သွားနိုင်ရန်ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။
“ဒီအတိုင်းထားရင် ထိန်းသိမ်းမယ့်သူက သတ်သတ်မှတ်မှတ်မရှိတော့ သစ်တွေပျောက်တာတွေရှိတော့ ဒါကို ပြည်သူတွေသွားလာအပန်းဖြေလို့ရအောင် နေရာလေးတစ်ခုဖန်တီးသွားမှာပါ။ အပ်ရမယ့်ကုမ္ပဏီတွေဘာတွေခေါ်တာနဲ့ဆိုရင် မိုးမကျခင်လောက်ကိုစနိုင်မှာပါ”ဟု ဦးသန်းထွန်းကပြောသည်။
လက်ရှိတွင် အဆိုပါဥယျာဉ်ကို အပန်းဖြေဥယျာဉ်အဖြစ် ဆောင်ရွက်သွားရန်အတွက် လိုအပ်သည်များကိုဆောင်ရွက်နေကြောင်း သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးသန်းမြင့်ကပြောသည်။
“ဒီမှာက လက်ရှိ ရှိပြီးသားရေကူးကန်တွေရှိတယ်။ ချောင်းတွေရှိတယ်။ ဒါတွေကို ဖိုက်ဘာဘုတ်လေးတွေဆင်ပြီး အပန်းဖြေလို့ရအောင်တွေ၊ စကိတ်ကွင်းတွေကို ပြန်လည်မွမ်းမံတာတွေ။ နောက်ပြီး ကလေးလူကြီးမရွေးအပန်းဖြေလို့ရအောင် စီစဉ်တာတွေ လုပ်သွားဖို့တော့ရည်ရွယ်ထားပါတယ်”ဟု ၎င်းကရှင်းပြသည်။
ထိုသို့ပြုလုပ်ရန် စိတ်ဝင်စားသည့်လုပ်ငန်းရှင်များကို အစိုးရအဖွဲ့မှရွေးချယ်နေပြီး တစ်နှစ်တာသက်တမ်းဖြင့် ငှားရမ်းရန်စီစဉ်နေကြောင်းနှင့် ယခုလအကုန်တွင် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် အစီအစဉ်များရေးဆွဲထားကြောင်းလည်း ၎င်းကပြောသည်။
စစ်တွေမြို့တွင် ယခုကဲ့သို့ အပန်းဖြေစရာနေရာတစ်ခုပေါ်ထွန်းလာသည်မှာ ကောင်းမွန်သည့်လက္ခဏာတစ်ရပ် ဖြစ်သော်လည်း လုပ်ကိုင်သူများအနေဖြင့် အများပြည်သူဝင်ထွက်သွားလာနိုင်သည့် ဝင်ကြေးမျိုးအဖြစ်စီစဉ်ပေးရန်လိုအပ်ကြောင်း စစ်တွေမြို့ခံ ဦးမိုးကျော်ကပြောသည်။
“စစ်တွေမှာ အပန်းဖြေဖို့၊ ကလေးတွေအတွက် ကစားဖို့ကစားကွင်းတွေပါတဲ့နေရာတစ်ခုဖြစ်လာမှာတော့ ကောင်းမွန်တဲ့အရာပါပဲ။ ဒါပေမယ့် ဒါကိုစီးပွားဖြစ်မလုပ်ဖို့လိုတယ်။ နောက်ပြီး ဒီဟာကို လုပ်မယ့်လုပ်ငန်းရှင်တွေကိုလည်း ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူသိအောင် တင်ဒါခေါ်တာမျိုးလုပ်သင့်တယ်။ နီးစပ်ရာလူတွေကိုပဲပေးတာမျိုး မလုပ်သင့်ဘူးလို့လည်းထင်ပါတယ်”ဟု ၎င်းကဆိုသည်။
ပြည်နယ်စစ်ကောင်စီအနေဖြင့် နန္ဒဝန်ဥယျာဉ်နှင့်ပတ်သက်၍ လေ့လာစီစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် ပြည်နယ်အဆင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အခြားဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။
နန္ဒဝန်ဥယျာဉ်မှာ စစ်တွေမြို့၏ အပန်းဖြေနေရာတစ်ခုဖြစ်သော်လည်း လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် ယာယီပိတ်ထားသဖြင့် စစ်တွေမြို့မှဒေသခံများမှာ စစ်တွေကမ်းနားကိုသာ အပန်းဖြေရန်သွားရောက်နေကြရကြောင်း ဒေသခံများကဆိုသည်။
နန္ဒဝင်ဥယျာဉ်သည် စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအနီးတွင်တည်ရှိပြီး ဧက ၁၀၀ ဒသမ ၉၇ ဧက အကျယ်အဝန်းရှိကာ အမျိုးအစားစုံလင်လှသော သစ်ပင်ကြီးများအပြင် ရေကန်များပါ တည်ရှိသည့် ဥယျာဉ်ဖြစ်သည်။