စစ်ဘေးရှောင်မွတ်ဆလင်များကို ARSA နှင့် RSO က ငွေညှစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်နေ
နတ်မြစ်အနီးရှိ စက်လှေသမားများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ IDP စခန်းများတွင် အထောက်အပံ့ရမည်ဟု စည်းရုံးကာ မတန်တဆငွေညှစ်ပြီး ပို့ပေးနေခြင်းဖြစ်ကြောင်း ဒေသခံမွတ်ဆလင်များက ပြောသည်။
20 Nov 2024
DMG ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် ယာယီတိမ်းရှောင်နေရသည့် မွတ်ဆလင်များကို ARSA နှင့် RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များက ငွေညှစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပို့ဆောင်နေသည်ဟု သိရသည်။
နတ်မြစ်အနီးရှိ စက်လှေသမားများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ IDP စခန်းများတွင် အထောက်အပံ့ရမည်ဟု စည်းရုံးကာ မတန်တဆငွေညှစ်ပြီး ပို့ပေးနေခြင်းဖြစ်ကြောင်း ဒေသခံမွတ်ဆလင်များက ပြောသည်။
မောင်တောမြို့၊ လေးမိုင်ရပ်ကွက်မှ ကိုနိုရ်မိုဝ်ထော်ဖါက “သူတို့ (ARSA၊ RSO) က လူတွေကို စုဆောင်းပြီးတော့ အခကြေးငွေယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ပို့ဆောင်နေတာတွေ ရှိတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်က ကင်းကျတဲ့အဖွဲ့နဲ့ ညှိပြီးတော့ သွင်းကြတာ။ လူတစ်ဦးကို ၅ သိန်းပေးရတယ်လို့ ကြားတယ်” ဟု ပြောသည်။
တချို့ကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းကျပ်အထိ တောင်းခံကာ ပို့ဆောင်နေပြီး ဘင်္ဂလားနယ်ခြားစောင့်ရဲများ၏ ဖမ်းဆီးခြင်းခံရမှုကြောင့် ရခိုင်ပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခံရသူများလည်း အများအပြား ရှိနေသည်။
မောင်တောမြို့နယ်၊ မောင်နီကျေးရွာမှ ဒေါ်ဖာတမာဟူးတူမှာ မိသားစုဝင် ၉ ဦးရှိပြီး အောက်တိုဘာ ၁၂ ရက်က နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားစဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်များက ဖမ်းဆီးကာ ပြန်ပို့ခံလိုက်ရသည်။
“မောင်တောဖက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ စားဝတ်နေရေးက အရမ်းကျပ်တည်းလာတယ်။ အဲ့ဒါကြောင့် အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ရောက်ရှိနေတဲ့ အိမ်နီးချင်းတွေက ဘင်္ဂလာကိုလာရင် UN က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပေးတယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဘင်္ဂလာဖက်ကို သွားကြတာ။ ဘင်္ဂလာဖက်ကမ်းအရောက်မှာ နယ်ခြားစောင့်တွေက ဖမ်းပြီးတော့ ရခိုင်ပြည်ဖက်ကို ပြန်ပို့လိုက်တာ” ဟု ဒေါ်ဖာတမာဟူးတူက ပြောသည်။
ထို့အပြင် ကျန်းမာရေးမကောင်းသူများမှာလည်း ဆေးကုသရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားလေ့ရှိကြပြီး ဘင်္ဂလားနယ်ခြားစောင့်များ၏ ဖမ်းဆီးမှုကိုခံရကာ ပြန်ပို့ဆောင်ခံရမှုများလည်း ရှိနေသည်။
မောင်တောမြို့၊ အမှတ်(၅)ရပ်ကွက်မှ မိုဟာမက်ကာလရေဇာက “ကျနော့်သမီးရဲ့ နှလုံးရောဂါကို ဆေးကုသဖို့ ဘင်္ဂလာဖက်ကို သွားကြတာ။ အဲဒီဖက်အရောက်မှာ BGB တွေက ကျနော်တို့ကို ဖမ်းဆီးပြီးတော့ ရခိုင်ဖက် ပြန်ပို့လိုက်တာ။ နောက်ထပ်လည်း ကျန်းမာရေးကိစ္စကြောင့် သွာတဲ့သူတွေရှိသလို စားဝတ်နေရေးကြောင့် သွားကြတဲ့လူတွေလည်း ရှိတယ်” ဟု ပြောသည်။
မိုဟာမက်ကာလရေဇာ မိသားစုမှာ အောက်တိုဘာလ ၈ ရက်က မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာမှ စက်လှေဖြင့် သွားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် ရခိုင်ပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။
မင်္ဂလာကြီးကျေးရွာမှ စက်လှေသမားအများစုမှာ ဘင်္ဂလားဒေ့ရှ်သို့ သွားသည့်သူများကို ပို့ဆောင်ရာတွင် RSO ထံ ဆက်ကြေးပေးရပြီး RSO ကခွင့်ပြုမှ ပို့ဆောင်ရခြင်းဖြစ်ကြောင်း DMG က ကွင်းဆင်းစုံစမ်းစဉ် သိခဲ့ရသည်။
မွတ်ဆလင်လက်နက်ကိုင်များ၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ မိသားစုလိုက် ထွက်ပြေးမှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မွတ်ဆလင်လက်နက်ကိုင်တွေက လူအင်အားလိုအပ်တာကြောင့် မိသားစုတစ်စုမှာ သားသမီး ၅ ယောက် ရှိရင် ယောကျ်ားလေးတစ်ယောက်ကို သူတို့ဆီပေးရတယ်။ ကိုယ်သားသမီးတွေကို လက်နက်ကိုင်အဖွဲ့ဆီ ဘယ်မိဘကမှ မပေးချင်ဘူးလေး။ လက်နက်ကိုင်အဖွဲ့ထဲ ဝင်သွားလို့ရှိရင် မကောင်းဘူးဆိုပြီးတော့ တချို့မိသားစုတွေဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ခိုးပြေးကြတာတွေလည်း ရှိကြတယ်။ သူတို့ထဲကိုမဝင်ရင် ဖမ်းပြီးတော့ နှိပ်စက်ကြလို့ ထွက်ပြေးကြရတာဖြစ်တယ်” ဟု ကိုနိုရ်မိုဝ်ထော်ဖါက ပြောသည်။
RSO အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သူများထံမှ ဆက်ကြေးရရှိနေခြင်းကြောင့် ARSA ကလည်း ယင်းအခွင့်အရေးကို လိုချင်သည့်အတွက် RSO နှင့် ARSA တို့ကြားတွင် မကြာခဏထိပ်တိုက်တွေ့မှုများ ရှိကြောင်း မောင်တောဒေသခံ မွတ်ဆလင်များက ပြောကြသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသည့် မောင်တောဒေသခံ မွတ်ဆလင် ၃ သောင်းကျော်အထိ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောဆိုထားသည်။