ကိုဗစ်ကာလအတွင်း စစ်တွေမြို့မှသီလရှင်များ သီတင်းသုံးရန်နှင့် အခြားအသုံးစရိတ်များအတွက် အခက်အခဲဖြစ်နေ

လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သီတင်းသုံးနေကြသည့် သီလရှင်များမှာ သီတင်းသုံးရန်နှင့် ကျန်းမာရေးအသုံးစရိတ်ကိစ္စများအတွက် အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။

07 Aug 2021

DMG ၊ သြဂုတ် ၇

လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သီတင်းသုံးနေကြသည့် သီလရှင်များမှာ သီတင်းသုံးရန်နှင့် ကျန်းမာရေးအသုံးစရိတ်ကိစ္စများအတွက် အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။

ကျောင်းတက်လမ်းရပ်ကွက်ရှိ ကျားရုပ်သီလရှင်စာသင်တိုက်မှ သီလရှင်များမှာ လက်ရှိတွင်ဆွမ်းဆန်အလှူခံမထွက်ရသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ယင်းစာသင်တိုက်မှ လက်ထောက်စာချတာဝန်ယူထားသည့် ဒေါ်စရဏသိင်္ဂီက DMG ကို မိန့်သည်။

“သီလရှင်တို့မှာက အဖိတ်ဆန်ခံပြီးမှ ဆွမ်းသုံးနေရတာဖြစ်တယ်။ တစ်ပါးဆိုရင် ဆန် ၂ ပြည်၊ ပိုက်ဆံ ၅၀၀၀ ကျပ်စီစုပြီးမှပေါ့။ အခုကအဖိတ်ဆန်လည်း မခံထွက်ရဘူး။ အရင်က ဆွမ်းခံရရှိထားတဲ့အရာတွေက သီတင်းသုံးတာရယ်၊ အထွေထွေစရိတ်တွေနဲ့ဆိုတော့ တစ်ပတ်နှစ်ပတ်လောက်ဆိုရင်ကုန်သွားပြီ။ လက်ရှိပိုက်ဆံတွေ၊ ဆွမ်းတွေပြတ်တောက်နေတော့ ရင်းနှီးတဲ့ဒကာ၊ ဒကာမတွေ၊ ဘုန်းတော်ကြီးတွေဆီကနေ အကူအညီတောင်းနေရတယ်” ဟု မိန့်သည်။

ကျားရုပ်သီလရှင်စာသင်တိုက်တွင် သီလရှင် ၁၈ ပါးရှိပြီး စစ်တွေမြို့တွင် Saty at Home ကြေညာထားသောကြောင့် ဆွမ်းခံသည့်အခါ အိမ်တံခါးများပိတ်ထားခြင်း၊ ဈေးဆိုင်များလည်းပိတ်ထားခြင်းနှင့် ကိုဗစ်ရောဂါကိုစိုးရိမ်နေကြသည့်အတွက် ဆွမ်းဆန်မထည့်ခြင်းများရှိနေသောကြောင့် သီတင်းသုံးရန်အတွက် ခက်အခဲရှိနေကြောင်း သီလရှင်များထံမှသိရသည်။

သီလရှင်အချို့မှာ အသက်ကြီးရွယ်ပိုင်းများရှိပြီး ၎င်းတို့၏ ကျန်းမာရေးအသုံးစရိတ်အတွက်လည်း စိုးရိမ်နေရကြောင်း၊ ကိုဗစ်သာရေရှည်ဖြစ်ပွားနေမည်ဆိုပါက အခက်အခဲပိုမိုဖြစ်လာနိုင်ကြောင်း ဒေါ်စရဏသိင်္ဂီက ဆက်၍မိန့်ကြားသည်။

“အခုက ဒါယိကာ၊ ဒါယိကာမတွေဆီက တစ်ခေါက်နှစ်ခေါက်ဆိုတော့ ပြောရဲတယ်။ အလှူခံရဲတယ်ပေါ့။ အမြဲတမ်းဆိုရင်တော့မကောင်းတော့ဘူး။ ဆရာလေးတို့က ကိုဗစ်လည်း ဘယ်အချိန်မှာ ပြီးမှာလည်းမသိဘူး။ အဲဒါနဲ့ရေရှည်မှာ ဘယ်လိုဆက်ပြီးတော့သွားရမလဲဆိုတာကို စဉ်းစားပြီးပူပန်နေရတယ်။ အခုအချိန်တောင်မှ အသုံးစရိတ်တွေအတွက်ပြတ်နေတာ။ ဆွမ်းတွေကိုတော့ ဖြစ်သလိုသုံးနေရတယ်” ဟု မိန့်သည်။

အလားတူ လမ်းသစ်ရပ်ကွက်ရှိ အမ္မရာမသီလရှင်စာသင်တိုက်မှလည်း အပြင်ထွက်ပြီးဆွမ်းခံမကြွရသည့်အတွက် သီတင်းသုံးရန်နှင့် အခြားအသုံးစရိတ်များအတွက် အခက်အခဲရှိနေကြောင်း ဒေါ်ပညာဒေဝီက မိန့်သည်။

“အခုကိုဗစ်နဲ့ဆိုတော့ ဆွမ်းခံကြွလို့လည်းမရဘူး။ ဆိုင်တွေလည်း အကုန်ပိတ်တယ်။ ဆန်ဆိုင်တွေဆိုရင်လည်း အကုန်ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်ကနည်းတယ်။ ရှိတာနဲ့ဖြစ်သလိုသုံးနေရတယ်။ အလှူရှင်တွေကတော့ နည်းနည်းပါးပါးလှူတာတော့ရှိတယ်။ မိသားစုတွေဆီကလည်း အကူအညီတွေတောင်းပြီးတော့ အဲလို့သုံးနေရတယ်” ဟု ဒေါ်ပညာဒေဝီက မိန့်သည်။

လက်ရှိ သီလရှင်များ၏အခက်အခဲကို သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဖြေရှင်းပေးစေလိုကြောင်းလည်း မိန့်ဆိုကြသည်။

ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းထက် ယခုတတိယလှိုင်းတွင် ကူးစက်ပြန့်ပွားမှုများပြီး သေဆုံးသူလည်းများလာနေသဖြင့် သီလရှင်များဆွမ်းခံသည့်အခါ ဒါယိကာ၊ ဒါယိကာမများအနေဖြင့် စိုးရိမ်နေကြခြင်းများရှိသောကြောင့် ဆွမ်းခံမသွားရဘဲ ယခုလို အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့တွင် သီလရှင်စာသင်တိုက် (၃)ခုရှိပြီး သီလရှင်အပါး (၃၀၀)ခန့် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။