- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် ရေကြီးမှုကြောင့် သံတွဲဒေသခံများ စားရေးသောက်ရေးအခက်အခဲရှိနေ
စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် သံတွဲမြို့နယ်မှရေကြီးခဲ့မှုကြောင့် လက်ရှိမှာရေပြန်ကျသွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေးအကူညီအညီများ လိုအပ်နေကြောင်း သိရသည်။
28 Jul 2021
DMG ၊ ဇူလိုင် ၂၈
စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် သံတွဲမြို့နယ်မှရေကြီးခဲ့မှုကြောင့် လက်ရှိမှာရေပြန်ကျသွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေးအကူညီအညီများ လိုအပ်နေကြောင်း သိရသည်။
ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်းမှစ၍ မြစ်ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သော်လည်း နုန်းမြေများတင်ကျန်ခဲ့သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိကြောင်း သိရသည်။
လက်ရှိ သံတွဲမြို့ပေါ်မှ သိမ်းကုန်းကျောင်းဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်အတွက် တာဝန်ယူဖြေရှင်းနေရကြောင်း သိမ်းကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒကမိန့်ကြားသည်။
“နုန်းတွေက အိမ်တွေမှာပြည့်နေတော့ ချက်ပြုတ်စားသောက်ဖို့နေရာမရှိဘူး။ စားရေးသောက်ရေးက အရေးကြီးနေတယ်။ အမှတ် ၃ ၊ ၄ရပ်ကွက်ကသူတွေအတွက် ဘုန်းဘုန်းကပဲ တာဝန်ယူ ဖြေရှင်းပေးနေတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ထမင်းထုပ်တွေ လာလှူဒါတွေရှိတာကို ဝေမျှပေးထားတယ်” ဟု ဦးတေဇန္ဒိက မိန့်သည်။
သံတွဲမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍ တမြို့နယ်လုံး ရေနစ်မြုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားကိုလည်း ဖြတ်တောက်ထားခဲ့သဖြင့် တစ်မြို့နယ်လုံး ဆက်သွယ်ရေးအခက်အခဲဖြစ်ခဲ့ရသည်။
လက်ရှိတွင် သံတွဲဒေသခံများမှာ ရေနစ်မြုပ်မှုကြောင့်တင်ကျန်ခဲ့သည့် နုန်းမြေများကို မိမိနေအိမ်များတွင် သန့်ရှင်းရေးလုပ်ဆောင်နေကြကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သည့် ကိုဇေယျာထွန်းက ပြောသည်။
“မြို့ထဲမှာတော့ အဓိကနုန်းမြေတွေကျန်ခဲ့တယ်။ အိမ်တွေမှာ နုန်းတွက ခြေမျက်စိထိမြုပ်တယ်။ တစ်ချို့နေရာတွေမှာဆိုရင် ဒူးလောက်ထိမြုပ်တယ်။ အဲဒါတွေကိုရှင်းနေကြတယ်။ အခု နေနည်းနည်းပူလာတော့ အဲဒါတွေရှင်းဖို့အခက်အခဲဖြစ်တယ်။ မိုးနည်းနည်းရွာလိုက်ရင်တော့ ပြန်ကျမယ့်ရေအတွက်မပူရဘူးပေါ့။ နုန်းတွေကိုရှင်းဖို့ ရေလိုအပ်တယ်။ အခုရေကားတွေရေခပ်ပြီးတော့မှ နုန်းတွေဆေးကြရတယ်” ဟု ၎င်းကပြောသည်။
သံတွဲမြို့ပေါ်တွင် မြစ်ရေပြန်ကျဆင်းသွားသော်လည်း မြေနိသည့် တချို့ရပ်ကွက်များနှင့် ချောင်းနားလမ်းဘက်များတွင် ရေများကျန်ရှိနေသေးပြီး ရေနစ်မြုပ်မှုကြောင့် ဈေးဆိုင်ပိုင်ရှင်များအတွက် ပစ္စည်းဆုံးမှုှများရှိကြောင်း သိရသည်။
လက်ရှိသံတွဲမြို့ပေါ်တွင် မီးသတ်အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များမှ ရပ်ကွက်အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိပြီး အဓိကဆေးရုံဆေးခန်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ရေနစ်မြုပ်မှုကြုံတွေ့ခဲ့ရသည့် သံတွဲမြို့နယ်တစ်ခုလုံးတွင် လက်ရှိအချိန်အထိ လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှုများအရေအတွက်ကို မသိရှိရသေးပေ။