- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရ၍ သေဆုံး
စစ်ကောင်စီက ခန့်အပ်ထားသော အမ်းမြို့ရှိ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်မှုထမ်းဟောင်းရုံးအနီးတွင် ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
09 Jun 2022
DMG ၊ ဇွန် ၉
စစ်ကောင်စီက ခန့်အပ်ထားသော အမ်းမြို့ရှိ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်မှုထမ်းဟောင်းရုံးအနီးတွင် ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသွားသူမှာ အသက် ၃၀ အရွယ် ဦးပိုင်ပိုင်ဆိုသူဖြစ်ပြီး အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်တို့ကို တစ်ဦးတည်း အုပ်ချုပ်နေသူဖြစ်ပြီး ဓားထိုးဒဏ်ရာ ၂၁ ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးဒဏ်ရာမှာ ရင်ဘက်နှင့်ကျောကုန်းမှာဖြစ်ပြီး ကျောကုန်းမှာပိုများကြောင်းနှင့် လူနှစ်ဦးမှ လာရောက်၍ ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ရပ်ကွက်အတွင်း သတင်းထွက်ပေါ်နေသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခြင်းမှာ အာဏာသိမ်းပြီးနောက် ရခိုင်ပြည်တွင် ပထမဆုံးအကြိမ် သေဆုံးခြင်းဖြစ်သည်။
“ဘာကြောင့် အထိုးခံရတာလဲဆိုတာ ကျနော်တို့လည်း မသိဘူး။ သူ့မှာ ကိုယ်ရေးကိုယ်တာကိစ္စရှိခဲ့လား။ စစ်အာဏာသိမ်းပြီးနောက် သူ့နာမည်နဲ့ ခန့်အပ်တာဆိုတော့ အတိုင်းအတာတစ်ခုထိတော့ သြဇာအာဏာပြတာလည်း ရှိမယ်” ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
၎င်းသည် စစ်အာဏာမသိမ်းမီကာလက မှုခင်းသတင်းထောက်လုပ်ခဲ့သူဖြစ်ပြီး သစ်မှောင်ခိုကိစ္စများကိုလည်း စစ်တပ်ကို သတင်းပေးကာ ဖမ်းခိုင်းမှုများရှိခဲ့သည်ဟု ယင်းရပ်ကွက်ဒေသခံများက ပြောသည်။
ထို့ပြင် ၎င်းသည် ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေးအတွက် အရံရဲအဖြစ် သင်တန်းတက်ခဲ့ဖူးသူလည်းဖြစ်ကာ အုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက် သြဇာအာဏာပြမှုကြောင့် ဒေသခံများ မကြိုက်နှစ်သက်မှုကို ခံရသူလည်းဖြစ်သည်ဟု ကိုမျိုးလွင်ကဆိုသည်။
ယင်းအပြင် မြန်မာစစ်တပ်က ဖိအားပေးမှုကြောင့် ဒေသခံများ၏ နေအိမ် ၂၀၀ ကျော် ဖြိုဖျက်ခံရသည့်အထဲ အမှတ် (၅) ရပ်ကွက်က နေအိမ် ၁၂ လုံးပါဝင်ခဲ့သည်။
သို့သော် ထိုကိစ္စများကြောင့် အသတ်ခံရခြင်း ဟုတ်/မဟုတ်ကို ကိုမျိုးလွင်အနေဖြင့် အတိအကျမသိရှိဟု ဆိုသည်။
တစ်ဖက်တွင် ဦးပိုင်ပိုင်သည် မြို့နယ်အတွင်း သာရေး/နာရေးကိစ္စရပ်များနှင့် ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဓာထိုးခံရမှုကြောင့် ရဲနှင့်စစ်တပ်က အဆိုပါရပ်ကွက်ကို တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးရန် ပြင်ဆင်လျက်ရှိသောကြောင့် စိုးရိမ်ရသည်ဟု အမှတ် ၅ ရပ်ကွက်မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
"ဥက္ကဌသေဆုံးမှုနဲ့ ပတ်သက်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမယ်လို့ သိရတယ်။ ကျန်တာတော့ ကျမတို့လဲ ဘာမှမသိဘူး။ အခုစိုးရိမ်နေရတယ်” ဟု ယင်းဒေသခံက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရွှေအေးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။