- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမှ မိန်းကလေးငယ်သေဆုံးမှုတွင် ကျူးလွန်သူမှာ ဆိုင်ပိုင်ရှင်နှင့်နီးစပ်သူ တစ်ဦးဖြစ်ကြောင်းဆို
စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ ဆိုင်ခန်းတစ်ခုအတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးသွားသည့်မိန်းကလေးငယ်အမှု ကျူးလွန်သူတရားခံကိုဖော်ထုတ်နိုင်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
31 Aug 2022
DMG ၊ သြဂုတ် ၃၁
စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ ဆိုင်ခန်းတစ်ခုအတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးသွားသည့်မိန်းကလေးငယ်အမှု ကျူးလွန်သူတရားခံကိုဖော်ထုတ်နိုင်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါမိန်းကလေးကို သားမယားပြုကျင့်ရန်ကြံစည်စဉ် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမှုကိုကျူးလွန်သူမှာ ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု ULA နှင့်နီးစပ်သူတစ်ဦးက DMG ကိုပြောသည်။
“ဒီကိစ္စမှာတော့ ကနဦးသိရှိရသလောက်ပြောရမယ်ဆိုရင် သားမယားပြုကျင့်ချင်တဲ့ဖြစ်စဉ်အတွင်းမှာ အခုလိုကျူးလွန်လိုက်ရတာလို့ ကျွန်တော်တို့သိရှိထားတယ်။ ကျူးလွန်သူက ဘယ်သူလဲဆိုလို့ရှိရင် အဲဒီဆိုင်ပိုင်ရှင်မိသားစုရဲ့ နီးစပ်တဲ့လူတစ်ယောက်လို့တော့ သိထားရတယ်။ ဒါပေမဲ့ သားမယားပြုကျင့်ချင်တဲ့ ဖြစ်စဉ်အတွင်းမှာ ဖြစ်သွားတယ်လို့ပဲစုံစမ်းသိရှိရတယ်”ဟု ၎င်းကဆိုသည်။
သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ အစိုးရရုံးအနီးရှိ အရောင်းဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် မိန်းကလေးငယ်မှာ ဓားထိုးသွင်းဒဏ်ရာနှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြသည်။
သေဆုံးသူမိန်းကလေးငယ်မှာ အသက်(၁၈)အရွယ်ရှိပြီး စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်နေထိုင်သူဖြစ်သည်။ ထိုမိန်းကလေးငယ်အသတ်ခံရသည့်ကိစ္စအပေါ် ကျူးလွန်သူတရားခံကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် မိသားစုဝင်များနှင့် ပြည်သူလူထုက တောင်းဆိုထားကြသည်။
စစ်တွေမြို့မှ အသတ်ခံရသည့် မိန်းကလေးငယ်အမှုနှင့်ပတ်သက်၍ အမှုမှန်၊ တရားခံပေါ်ပေါက်ရေးအတွက် သံသယရှိသူများကို စစ်ဆေးမေးမြန်းသဖြင့် လူသတ်တရားခံကိုဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ULA က ထုတ်ပြန်သည်။
ကျူးလွန်သူတရားခံကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ULA ကဆိုသည်။
ULA/AA ၏ထုတ်ချက်အပေါ် သေဆုံးသူမိန်းကလေး မိသားစုဝင်များ၏ တုံ့ပြန်မှုကိုရရှိနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။
စစ်တွေမြို့အတွင်း ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု စသည့်အမှုအခင်းများဖြစ်ပွားလျက်ရှိပြီး ယခု ၂၀၂၂ ခုနှစ်အတွင်း ဓားထိုးခံရပြီးသေဆုံးသွားသူ ၁၉ ဦးနှင် ဒဏ်ရာရရှိသူ ၈ ဦးအထိရှိကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ စာရင်းအရသိရသည်။