ဥကရစ်ထတိုက်ပွဲကြောင့် ဒေသခံ (၁၀၀) ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဝေါလေမြို့တွင်ဖြစ်ပွားနေသည့် ဥကရစ်ထတိုက်ပွဲကြောင့် ဒေသခံဦးရေ (၁၀၀) ကျော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

02 Jul 2022

ဥကရစ်ထတိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ။ (ဓာတ်ပုံ-CJ)

DMG ၊ ဇူလိုင် ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဝေါလေမြို့တွင်ဖြစ်ပွားနေသည့် ဥကရစ်ထတိုက်ပွဲကြောင့် ဒေသခံဦးရေ (၁၀၀) ကျော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှ ယနေ့ အချိန်အထိ မြဝတီ ဝေါလေမြို့ ဥကရစ်ထစစ် စခန်းအနီးတွင် ကေအန်ယူ တပ်မဟာ (၆) KNDO၊ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြာင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဥကရစ်ထေ ကျးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာ ဒေသခံများမှာ ထိုင်းနိုင်ငံ ဖုတ်ဖလမြို့နယ်အတွင်း သို့ အသက်လု ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “ မနေ့ကတော့ ထိုင်းနိုင်ငံ ဖုတ်ဖလမြို့နယ်ဘက်ခြမ်းမှာ မြန်မာဘက်ခြမ်းက တိုက်ပွဲဖြစ်နေတဲ့ အသံတွေ ကြားနေရတာ။ အဲဒီမှာရှိတဲ့ မြန်မာတချို့က လက်နက်ကြီးကျရောက်မှုတွေကြောင့် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတာပေါ့ ” ဟု ပြောသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် ကိုယ်ဝန်သည်များ၊ ကလေးငယ်များနှင့် အသက်ကြီးရွယ်အိုအများစု ပါဝင်လာကြောင်းလည်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံကသိရသည်။

“ တိုက်ပွဲကဥကရစ်ထကျေးရွာ အနီးမှာ ဆိုတော့ ကလေး၊ လူကြီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ တော်တော်များ ရှောင်လာကြတယ်။ သူတို့အတွက်လိုအပ်တာတွေတော့ အရေးပေါ်ကူညီပေးထားပါတယ် ” ဟု ထိုင်းနိုင်ငံ ဖုတ်ဖလမြို့နယ်ရှိ မြန်မာစစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးကဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဒေသခံများမှာ နီးစပ်ရာ ပြောင်းခြံများမှ တဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခက်ခဲစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဥကရစ်ထကျေးရွာ ဒေသခံများ မှပြောဆိုသည်။

“ ကလေးရော လူကြီးတွေပါ ပြောင်းခြံကြားမှာ ပြေးလိုက်၊ သေနတ်အသံကြားရင် ဝပ်လိုက်နဲ့ ထွက်ပြေးခဲ့ ရတယ်။ အခုတော့ ထိုင်းဘက်ခြမ်းကို စစ်ရှောင်နေရပါတယ် ”  ဟု ဥကရစ်ထ ကျေးရွာဒေသခံတစ်ဦး ကဆိုသည်။

ဥကရစ်ထတိုက်ပွဲကြောင့် တိမ်းရှောင်လာသည့် ဒေသခံစစ်ဘေးရှောင် (၁၀၀)ကျော်အထိ ရှိနေပြီး လိုအပ်သည့်စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် နေထိုင်စရာများ အရေးပေါ်ကူညီရန်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံကသိရသည်။