ရခိုင်က စစ်ရှောင်စခန်းများနှင့် IDP စခန်းများမှ အသက် (၆၅) နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများနှင့် IDP စခန်များမှ အသက် (၆၅)နှစ်အထက်ရှိသူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးရန် ပြည်နယ်ကောင်စီက သြဂုတ်လ ၆ ရက်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

07 Aug 2021

DMG ၊ သြဂုတ် ၇

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများနှင့် IDP စခန်များမှ အသက် (၆၅)နှစ်အထက်ရှိသူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးရန် ပြည်နယ်ကောင်စီက သြဂုတ်လ ၆ ရက်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းများ၊ IDP စခန်းများတွင် နေထိုင်ကြသည့် အသက်(၆၅)နှစ်အထက်ရှိသည့် သတ်မှတ်ချက်နှင့်အကျုံးဝင်သူများကို နီးစပ်ရာမြို့နယ်စုရပ်များတွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးဆုံးဖြတ်ချက်တွင် ပါရှိသည်။

“တိုက်ပွဲရှောင်စခန်းတွေ၊ (IDP)စခန်းတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှုကို နီးစပ်ရာမြို့နယ်တွေမှာရှိတဲ့ ဆေးထိုးစုရပ်တွေမှာ သတ်မှတ်ချက်နဲ့အကျုံးဝင်သူတွေကို သက်ဆိုင်ရာမြို့နယ်တွေက ပူးပေါင်းဆောင်ရွက်ပေးသွားဖို့ဆုံးဖြတ်ခဲ့တယ်။ လိုအပ်ရင် မော်တော်ယာဉ်နဲ့ အကြိုအပို့စီစဉ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု အစည်းအဝေးဆုံးဖြတ်ချက်တွင် ဖော်ပြသည်။

မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၃၉၀၀ ကျော်ရှိသည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အသက် (၆၅)နှစ်အထက်ရှိသူများစာရင်းကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ ကောက်ခံသွားကြောင်း စခန်းတာဝန်ခံ ဦးညီပုကပြောသည်။

“စခန်းမှာ အသက်(၆၅)နှစ်အထက် စစ်ဘေးရှောင်က (၁၂၅)ဦးရှိတယ်။ အခုလို ကာကွယ်ဆေးထိုးပေးမယ်ဆိုတော့ ကောင်းတယ်လို့မြင်တယ်။ ထိုးပေးမယ့်နေ့ကိုတော့ ပြောမသွားဘူး။ အခုရောဂါတွေဖြစ်တာကလည်း သက်ကြီးပိုင်းတွေကပိုဖြစ်တယ်။ ဆေးထိုးပေးတာက ကာကွယ်တာလည်းရောက်တယ်။ အခုလိုထိုးပေးမှာကိုကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံမှလှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်ပြည်မှ လူဦးရေတစ်သိန်းခန့်အား ထိုးပေးသွားမည်ဖြစ်ပြီး ယင်းအထဲမှ အသက် (၆၅)နှစ်အထက် အရွယ်ရှိသူများ၊ ရဟန်းသံဃာများ၊ ဘဏ်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်နှင့်ပတ်သက်၍ လုပ်ကိုင်နေသည့် Volunteer များကို ထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီက ဇူလိုင် ၃၁ နေ့တွင်ပြောသည်။

မြေပုံမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၈၇၀ ကျော်ရှိသည့် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှ အသက်(၆၅)နှစ်အထက်ရှိသူ ၃၃ ဦးအထဲတွင် ၁၂ ဦးမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးဝင်းလှအောင်ကပြောသည်။

“ကျနော်တို့စခန်းက လူတစ်ဆယ်ကျော်လောက်ပဲ ထိုးလိုက်ရသေးတယ်။ ဆေးကုန်သွားလို့ဆိုပြီးနောက်ထပ် မထိုးလိုက်ရတဲ့သူတွေစာရင်းကို ပြန်ပြီးတင်လိုက်ရတယ်။ ကိုဗစ်ကာကွယ်ဆေးက စစ်ဘေးရှောင်တွေ အကုန်လုံးကို ထိုးပေးနိုင်ရင်တော့ ပိုကောင်းတာပေ့ါ။ ဒီရောဂါက လူကြီး၊ လူငယ်ရွေးပြီး ကူးစက်တာမဟုတ်ဘူးဆိုတော့ အကုန်လုံးကိုထိုးပေးစေချင်တယ်”ဟု သူကဆိုသည်။

လက်ရှိတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်တစ်သိန်းကျော်အထဲမှ အသက်(၆၅)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးရမည့် စစ်ဘေးရှောင်ဦးရေမှာ ၄၀ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း စစ်ဘေးရှောင်စာရင်းများ ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ခန့်မှန်းပြောဆိုသည်။

သို့သော် ကိုဗစ်ကာကွယ်ဆေးများကို ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို ထိုးပေးခြင်းမတွေ့ရဘဲ မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများတွင် ဆေးထိုးပေးခြင်းကိုသာ တွေ့ရသည်ဟု ဦးရွှေဘော်စိန်က ပြောသည်။

“သူတို့က (၆၅)နှစ်အထက်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ပြောထားတဲ့အတွက် မြို့ပေါ်ရော၊ နယ်ရော၊ (IDP)ရော ခွဲခြားမှုမရှိဘဲ အကုန်လုံးကိုစနစ်တကျ စီမံပြီးထိုးပေးသင့်တယ်။အခုက မြို့ပေါ်အနေအထားမှာမူတည်ပြီး ဌာနဆိုင်ရာနဲ့ အရေးကြီးဌာနဆိုင်ရာက ဝန်ထမ်းတွေကအစ ပထမ၊ ဒုတိယဦးစားပေး ပုံစံမျိုးနဲ့ ထိုးတာဆိုတော့ ကျန်တဲ့နယ်တွေမှာလည်း ကာကွယ်ဆေးကို လိုလားမှုရှိတယ်ဆိုတာသိရတယ်။ ဒါတွေအထိ အဆင်မပြေအောင်မလုပ်ပေးနိုင်သေးတဲ့အတွက် အစိုးရဘက်က စီမံခန့်ခွဲမှုအားနည်းတယ်။ နောက်ကာကွယ်ဆေးအလုံးအရင်း မရောက်နိုင်သေးတာလည်း အားနည်းချက်တစ်ခုဖြစ်တယ်”ဟု သူကဆိုသည်။

လက်ရှိ ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများမှာ ကိုဗစ်ကာကွယ်ရေးပစ္စည်း လိုအပ်ချက်များနှင့်အတူ စားနပ်ရိက္ခာအခက်အခဲများလည်း ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်များကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၆၅ ဦးရှိပြီး ပိုးတွေ့လူနာစုစုပေါင်းမှာ ၃၁၅၄ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။