- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်သားနှစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တွေဒေသခံ ၁၅ ဦးခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီး
စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက မြန်မာစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံ ၁၅ ဦးခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်။
24 Jun 2022
DMG ၊ ဇွန် ၂၄
စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက မြန်မာစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံ ၁၅ ဦးခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်။
ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့ လှေဆိပ်ခွဆုံထောင့်မှ ဦးခင်မောင်စော(၄၉ နှစ်)၊ မင်းဂံရပ်ကွက်မှ ၇ ဦး၊ ကုန်တန်းရပ်ကွက်မှ ၂ ဦး၊ ဗျိုင်းဖြူရွာကျေးရွာမှ ၁ ဦး၊ သက္ကေပြင်ကျေးရွာမှ မွတ်ဆလင် ၁ ဦးနှင့် ကန်တော်ကြီးရပ်ကွက်မှ ၃ ဦးတို့ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြန်မာစစ်တပ်မှ ၎င်းတို့တပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရပြီးနောက်တွင် စစ်တွေမြို့ရှိ ရပ်ကွက်အများအပြားတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး အထက်ပါဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်အရေအတွက်မှာ DMG ကရရှိထားသည့် အရေအတွက်ထက်ပိုများနိုင်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဖမ်းဆီးခံရသည့် ဦးခင်မောင်စော၏ ဇနီးဖြစ်သူက ၎င်းယောကျ်ားကို မြန်မာစစ်တပ်မှ စစ်သား ၁၅ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။ လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်းမသိဖြစ်နေပြီး ၎င်း၏ကျန်းမာရေးအတွက်စိုးရိမ်၍ အမြန်ဆုံးတွေ့လိုသည်ဟုပြောသည်။
“မနေ့က ည ၅ နာရီလောက်က ဆိုင်ထဲကိုဝင်ပြီးဖမ်းသွားတာပါ။ လူ ၁၅ ယောက်လောက်နဲ့ ဆိုင်ထဲကိုဝင်ပြီး လာလိုက်ခဲ့ဆိုပြီးခေါ်သွားတာပါ။ ကျွန်မက ကျွန်မယောက်ျားမှာအပြစ်မရှိဘူး။ ဘာလို့ခေါ်ရတာလဲလို့ပြောတော့ စစ်ဆေးဖို့ခေါ်တာဆိုပြီးပြောခဲ့တာပါ။ အဲလောက်ပဲပြောပြီး တစ်ခါတည်းခေါ်သွားတာပါ။ သူကနေလည်းမကောင်းဘူး။ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်းတောင်မသိရလို့ အရမ်းစိုးရိမ်မိပါတယ်။ ကျွန်မယောက်ျားမှာ အပြစ်မရှိလို့ အမြန်ဆုံးလွှတ်ပေးစေချင်တယ်“ဟု သူကဆိုသည်။
ထို့ပြင် မင်းဂံရပ်ကွက်မှာလည်း မြန်မာစစ်တပ်သည် နေ့လယ်ပိုင်းကတည်းက ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုရှိခဲ့သည်။ ထို့ပြင် ညနေပိုင်းတွင်လည်း သေနတ်အချက် ၂၀ ကျော်ခန့်ပစ်ဖောက်မှုရှိခဲ့ပြီး ဒေသခံများကိုဖမ်းဆီးခဲ့သည်။
“ရပ်ကွက်မှာ ကလေးတွေဘောလုံးကန်နေတာ။ စစ်တပ်ကလာတော့ ကလေးတွေကြောက်ပြီးဝင်ပြေးတာကို စစ်တပ်က လိုက်ပြီးဖမ်းတယ်။ သူတို့က အဲဒီအိမ်ကို ကလေးတွေဝင်သွားတယ်အထင်နဲ့ ဝင်ပြီးစစ်တာ။ အဲဒီအိမ်ကအစ်မက ကျမအိမ်မှာ သားနဲ့သမီးနှစ်ယောက်ပဲရှိတာပါ။ ယောကျ်ားလည်းမရှိဘူးလို့ပြောတယ်။ ခဏနေတော့ အဲဒီအစ်မရဲ့မောင်လေးက အစ်မအိမ်ကို စစ်သားတွေဝင်စစ်နေတယ်ကြားလို့လိုက်လာတာ သူ့မောင်လေးကိုဖမ်းသွားတယ်“ဟု ဒေသခံတစ်ဦးကပြောသည်။
နောက်ထပ် မင်းဂံဒေသခံတစ်ဦးကလည်း “ကျမတို့အိမ်နားက ဦးလေးတစ်ယောက်ကိုကျတော့ အိမ်ထဲဝင်ပြီးဖမ်းသွားတာပါ။ စကားနည်းနည်းပြန်ပြောမိလို့တဲ့။ နောက်ထပ်ရေသန့်စက်ရုံမှာ လုပ်တဲ့ လူတစ်ယောက်ကိုတော့ လမ်းမှာဖုန်းပြောရင်းသွားနေတုန်း သူတို့ကိုဗီဒီယိုရိုက်တယ်ဆိုပြီး ဖမ်းသွားပါတယ်”ဟု သူက DMG ကိုပြောသည်။
ယခုလအတွင်းတွင် မြန်မာစစ်တပ်သည် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်မြို့တို့မှ ဒေသခံ ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း မြန်မာစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။