ပကာရီကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ပျက်စီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာသို့ လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၆)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

05 May 2022

ဧပြီ ၄ ရက်နေ့က ပကာရီကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်အားတွေ့ရစဉ်။

DMG ၊ မေ ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာသို့ လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၆)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယမန်နေ့(မေလ ၄ ရက်) ည ၁၁ နာရီအချိန်က မြန်မာစစ်တပ်မှ လက်နက်ကြီး(၁၀)ကြိမ်ကျော်ပစ်ခတ်ခဲ့ရာ ပကာရီကျေးရွာသို့ကျရောက်ပြီး နေအိမ်ခေါင်မိုးများကို ထိမှန်ခဲ့သည်ဟု ၎င်းကျေးရွာသားတစ်ဦးကပြောသည်။

“စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ။ အချက်ရေက ၁၀ ချက်ကျော်တယ်။ အိမ်ခေါင်မိုးဖောက်ပြီး ထိတာတွေရှိတယ်။ လူအထိအခိုက်ကတော့ မရှိပါဘူး”ဟု ၎င်းဒေသခံကပြောသည်။

ထိုသို့လက်နက်ကြီးကျရောက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံတစ်ထောင်ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံတစ်ထောင်ကျော်မှာ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးမှပြောသည်။

“ရွာသားတွေအကုန်ကြောက်ပြီး ပြေးလာကြရတဲ့အတွက် နေထိုင်ဖို့နဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ တတ်နိုင်သလောက် ကူညီပေးထားတာရှိပါတယ်”ဟု ၎င်းမှဆိုသည်။

ပြီးခဲ့သည့်ဧပြီလ ၂၄ ရက်နေ့ကလည်း ပကာရီကျေးရွာအနီး ရဲကင်းစခန်းတိုက်ခိုက်ခံရမှုကြောင့် မြန်မာစစ်တပ်နှင့် KNU တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့ကြား စစ်ရေးတင်းမာမှုရှိခဲ့သည်။