ရန်ကုန်တွင် စက်သုံးဆီများကို ခွဲတမ်းဖြင့်သာ ဝယ်ယူနေရ

ရန်ကုန်က မြို့နယ်အချို့တွင် စက်သုံးဆီဆိုင်များ၌ ဆီပြတ်လတ်မှုကြောင့် ယနေ့(ဧပြီလ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ကာ ဆီများကို ခွဲတမ်းဖြင့်သာရောင်းချလျက်ရှိကြောင်း သိရသည်။

19 Apr 2022

ယနေ့နံနက်က ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေမှုကြောင့် ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ်။

DMG ၊ ဧပြီ ၁၉

ရန်ကုန်က မြို့နယ်အချို့တွင် စက်သုံးဆီဆိုင်များ၌ ဆီပြတ်လတ်မှုကြောင့် ယနေ့(ဧပြီလ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ကာ ဆီများကို ခွဲတမ်းဖြင့်သာရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းသို့ စက်သုံးဆီဖြန်ချီပေးနေသည့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ယမန်နေ့(ဧပြီလ ၁၈ ရက်)က စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ပြည်တွင်း၌အသုံးပြုနေသည့် စက်သုံးဆီအများစုမှာ တရုတ်နိုင်ငံမှတင်ပို့နေခြင်းဖြစ်ပြီး လတ်တလောတွင် ကြားခံနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကြပ်တည်းမှုများကြောင့် စက်သုံးဆီများကို ရန်ကုန်သို့ ငွေချေရောင်းချနိုင်ခြင်းမရှိခြင်းကြောင့် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီများ ပြတ်လတ်မှုများဖြစ်ပေါ်ခဲ့သည်ဟု ပြည်တွင်းစက်သုံးဆီဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

စက်သုံးဆီဆိုင်များမှာ မော်တော်ယာဉ်များကို ဆီခွဲတမ်းဖြင့်သာ ရောင်းချလျက်ရှိသည်ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

“မြို့ထဲက ဆီဆိုင်ကိုတွေမှာလည်း 95 တို့ 92 တို့ လက်ကျန်ပဲရှိတော့လို့ ခွဲတမ်းနဲ့ပဲ ရောင်းပေးနေတာတွေ ရှိပါတယ်"ဟု အဆိုပါ တက္ကစီယာဉ်မောင်းကပြောသည်။

ထိုသို့စက်သုံးဆီပြတ်တောက်မှုကြောင့် ပြည်တွင်းဆီဆိုင်များ၌ ခွဲတမ်းဖြင့်ရောင်းချနေကာ မော်တော်ယာဉ်များမှာ နံနက်အစောပိုင်းကနေစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

"ဆီတွေပြတ်ကုန်တော့ တချို့ဆိုင်တွေက ခွဲတမ်းနဲ့ရောင်းချပေးတာရှိတယ်။ မနက်အစောကြီးကတည်းက စောင့်ကြရတော့ ယာဉ်ကြောပိတ်တဲ့အထိဖြစ်ကုန်တယ်"ဟု ၎င်းကဆိုသည်။

ပြည်တွင်းဆီဆိုင်အချို့၌ မော်တော်ယာဉ်တစ်စီးလျှင် စက်သုံးဆီ ငါးသောင်းဖိုးခန့်သာ ခွဲတမ်းဖြင့် ရောင်းချနေမှုများရှိနေကြောင်း ရန်ကုန်ရှိတက္ကစီယာဉ်မောင်းများထံမှ သိရသည်။