တောင်ကုတ်မြို့တွင် လူနေရပ်ကွက်၌ စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုအား ရပ်ကွက်နေသူများက ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်အတွင်း စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုအား ယနေ(ဇန်နဝါရီလ ၃၀ ရက်)နံနက်ပိုင်းတွင် ရပ်ကွက်နေပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

30 Jan 2022

DMG ၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်အတွင်း စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုအား ယနေ(ဇန်နဝါရီလ ၃၀ ရက်)နံနက်ပိုင်းတွင် ရပ်ကွက်နေပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တောင်ကုတ်မြို့မှ ဦးထွန်းကြွယ်ဆိုသူပိုင်ဆိုင်သော အဆိုပါစက်သုံးဆီဆိုင်ကို ကိုင်းရှည်ရပ်ကွက်ရှိ အာလိုင်ငါးဆင့်ဘုရားအနီးတွင် ၂၀၂၁ ခုနှစ်မှ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ယနေ့ဆန္ဒပြရာတွင်ပါဝင်သူများကပြောသည်။

ယင်းသို့လူနေရပ်ကွက်တွင် ဆီဆိုင်ဆောက်လုပ်နေမှုအား ရပ်တန့်ပေးရန် ဒေသအာဏာပိုင်များထံ တင်ပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ယခုကဲ့သို့ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ဦးသောင်းကြည်ကပြောသည်။

"အခုဆီဆိုင်က မြို့တွင်းမှာဖြစ်နေတယ်။ ပြီးတော့ ဆီဆိုင်တွေကလဲ မကြာမကြာမီးလောင်ကြတယ်။ ဒီမြို့တွင်းနေရာမှာ ဆီဆိုင်ဆောက်တယ်ဆိုတာ မသင့်တော်ဘူးပေါ့။ အဲဒါကြောင့် အရင်ကလက်မှတ်ထိုးပြီး ဆီဆိုင်ဆောက်နေတာတွေကို ရပ်တန့်ပေးဖို့တောင်းဆိုတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ဘူး။ အဲဒါကြောင့် ဆီဆိုင်မဆောက်ဖို့ ထပ်ပြီးကန့်ကွက်ဆန္ဒပြရခြင်းဖြစ်တယ်"ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းအချို့နှင့် လူနေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယင်းနောက်တွင် လူနေရပ်ကွက်နှင့် စည်ပင်ပိုင်ဧရိယာအတွင်း ဆီဆိုင်ဆောက်လုပ်ခြင်းများကိုဖယ်ရှားပေးရန် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တောင်ကုတ်မြို့အတွင်းဆောက်လုပ်ထားသော ဆီဆိုင်များအား ပြောင်းရွှေ့ခြင်းများပြုလုပ်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှလည်း စက်သုံးဆီသုံးစွဲမှုကြောင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် မြို့အတွင်း စက်သုံးဆီများ သိုလှောင်ရောင်းချခြင်းမပြုရန် မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ- ၁၇ အရ အသိပေးတားမြစ်ထားကြောင်း သိရသည်။

သို့သော် ယခုအခါ လူနေရပ်ကွက်အတွင်း ဆီဆိုင်ဆောက်လုပ်ခြင်းမှာ ပြည်သူနှင့်ဥပဒေအား မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် တောင်ကုတ်ဒေသခံ ကိုသက်နိုင်ကပြောသည်။

"မီးသတ်ဦးစီးဌာနကလဲ မီးဘေးအန္တရာယ်ကြောင့် လူနေအိမ်အကြား ဆီဆိုင်မဆောက်ဖို့ တားမြစ်ထားပြီးသားဖြစ်တယ်။ အဲဒါတွေကြားက ဆီဆိုင်ဆောက်လုပ်တယ်ဆိုတာ ဥပဒေကိုမျက်ကွယ်ပြုရာရောက်တယ်လို့မြင်တယ်။ အဲဒါကြောင့် ဆီဆိုင်ဆောက်လုပ်မှုကို သက်ဆိုင်ရာတွေအနေနဲ့ တားမြစ်ပေးစေချင်တယ်"ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့တွင် ၂၀၁၉ ခုနှစ်က ဆီဆိုင်မီးလောင်မတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်ကလည်း မီးလောင်မှုတစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

လက်ရှိ တောင်ကုတ်မြို့တွင် စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုအား ရပ်တန့်မှုမရှိပါက ဆက်လက်၍တွန်းအားပေးသွားမည်ဖြစ်ကြောင်း ယနေ့ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူများက ပြောဆိုကြသည်။