စစ်တွေမြို့မှ ဆီဆိုင်အချို့တွင် ဆီပြတ်လပ်မှုရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆီအလုအယက်ဝယ်ယူနေရပြီး ဆီဆိုင်အချို့တွင်လည်း ဆီပြတ်လပ်မှုရှိလာနေကြောင်း သိရသည်။

20 Apr 2022

DMG ၊ ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆီအလုအယက်ဝယ်ယူနေရပြီး ဆီဆိုင်အချို့တွင်လည်း ဆီပြတ်လပ်မှုရှိလာနေကြောင်း သိရသည်။

စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်များတွင် ယနေ့ဧပြီ ၂၀ ရက်နေ့၌ နှစ်ဘီးဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအတွက် စက်သုံးဆီကို အလုအယက်ဝယ်ယူလျက်ရှိကြသည်။

ဆီပြတ်လပ်မှုရှိပါက ဆီဈေးတက်မည်စိုး၍ ဆီဝယ်ယူရခြင်းဖြစ်သည်ဟု စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဘေးတွဲယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုစံသာကပြောသည်။

“စိုးရိမ်မှုရှိတာက ဆီဈေးကြီးလာရင် ဝယ်လို့မရဖြစ်သွားမယ်။ ဆီဈေး ဒီထက်ကြီးလာရင် ဘေးတွဲသမားတွေ အဆင်မပြေဖြစ်မယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေဖြစ်သွားလိမ့်မယ်”ဟု ၎င်းကပြောသည်။

ဆီဈေးမှာ ရုတ်တရက်တက်လာသောကြောင့် လိုင်စင်ရစက်သုံးဆီဆိုင်များကို တစ်နေ့လျှင် ဆိုင်ကယ်တစ်စီးအတွက် ငါးထောင်ကျပ်ဖိုးနှင့် မော်တော်ကားငယ်တစ်စီးအတွက် နှစ်သောင်းဖိုး ထက် ပို၍မရောင်းချရန် ညွှန်ကြားထားကြောင်း ပြည်နယ်စစ်ကောင်စီ၏ သယံဇာတဝန်ကြီး ဦးသန်းထွန်းကပြောသည်။

ရန်ကုန်မြို့ သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓါတ်ဆီဂါလန်သန်းပေါင်း (၄၅)သန်းခန့်နှင့် ဒီဇယ်ဆီဂါလန်သန်းပေါင်း(၇၀)ခန့်ရှိကာ ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း စက်သုံးဆီဆိုင်များတွင် ဆီကို အလုအယက်ဝယ်ယူနေရခြင်းကြောင့် စစ်တွေမြို့ရှိဆီဆိုင်အချို့တွင် ဆီပြတ်တောက်မှုများရှိနေသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျမြို့သစ်ရပ်ကွက်မှ ကိုထွန်းတင်က “ခုနက ဆီဆိုင်ကလာတာ။ မဖြည့်ခဲ့ရဘူး။ အောက်တိန်းကုန်သွားပြီတဲ့။ ဒါကြောင့် လမ်းဘေးရေသန့်ဘူးတွေနဲ့ရောင်းတဲ့ ဆိုင်ငယ်ကဖြည့်ခဲ့ရတယ်။ ဒီနေ့ဆီဈေးကတော့ တစ်လီတာကို ၂၂၀၀ ရှိတာကနေ လမ်းဘေးဆိုင်ငယ်တွေမှာ ၂၅၀၀ ကျပ်ပေးပြီးတော့ ဖြည့်လာခဲ့ရတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးသန်းလှိုင်ကမှု သင်္ကြန်ကာလအတွင်း တချို့ဆီဆိုင်များတွင် ဆီလုံးဝပြတ်တောက်သွားသည့်အတွက် ဆီဘောက်ဆာကားများ ရန်ကုန်မှဆင်းလာနေကြောင်း၊ ရန်ကုန်သီလဝါဆိပ်ကမ်းတွင် အဆင်ပြေပြေဝယ်လို့ရပါက ယခင်အတိုင်းပြန်ရောင်းပေးမည်ဖြစ်ကြောင်း DMG ကို ပြောဆိုထားသည်။

ယနေ့စစ်တွေမြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ ပရီမီယံဒီဇယ်ဆီတစ်လီတာကို ၂၃၉၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာကို ၂၃၇၀ ကျပ်၊ အောက်တိန်းဆီ(၉၂)တစ်လီတာကို ၂၂၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၂၈၀ ကျပ် ဈေးနှုန်းရှိကြောင်း စစ်တွေမြို့ စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။