ကေအန်ယူ တပ်မဟာ ၅ နယ်မြေ တနွီးခါကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ ရွာသားနှစ်ဦးသေဆုံး ခြောက်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဖါပွန်ခရိုင် ကေအန်ယူတပ်မဟာ ၅ နယ်မြေဖြစ်သည့် ဒွယ်လိုးမြို့နယ် တနွီးခါကျေးရွာအနီး ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ နာရီခန့်အချိန်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကေအန်ယူသတင်းအရင်းအမြစ်ထံမှ သိရသည်။

05 Feb 2022

ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ နာရီအချိန် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ တနွီးခါကျေးရွာအနီး မြန်မာစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့စဉ်။ (ဓါတ်ပုံ - ကေအန်ယူ-ဗဟို)


DMG ၊ ဖေဖော်ဝါရီ ၅

ကရင်ပြည်နယ် ဖါပွန်ခရိုင် ကေအန်ယူတပ်မဟာ ၅ နယ်မြေဖြစ်သည့် ဒွယ်လိုးမြို့နယ် တနွီးခါကျေးရွာအနီး ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ နာရီခန့်အချိန်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကေအန်ယူသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဒေသခံရွာသားနှစ်ဦးမှာ သေဆုံးခဲ့ရပြီး ခြောက်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ နှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

"ဒွယ်လိုးကို လေယာဉ်ပျံနှင့် ဗုံးကြဲမတိုက်မီမှာ စစ်ကောင်စီတပ်က လေကြောင်းထောက်လှမ်းမှုအကြိမ် ၂၀ ကျော်လောက်ရှိခဲ့တယ်။ အဲတာပြီးမှ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ အဓိက ကေအန်ယူစခန်းရှိမယ်ထင်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်ပါတယ်။ " ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာသားအချို့ ထိခိုက်သေဆုံးခဲ့ရသည့်အပြင် နေအိမ်များပါ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကျေးရွာသားအချို့မှာ နေအိမ်များမှ ခေတ္တတိမ်းရှောင်နေရပြီး အချိုမှာလည်း မိမိတို့နေအိမ်များအတွင်း၌ ဗုံးခိုကျင်းများတူးကာ နေထိုင်နေရကြောင်း ကရင်ဒေသခံ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

"လေကြောင်း တိုက်ခိုက်ခံရတာက အရင်ကတဲက ဖြစ်ပွားနေတော့ ရွာသားတွေကိုဗုံးခိုကျင်းတူးပြီးနေကြဖို့တော့ ပြောဆိုထားတာရှိပါတယ်။ တချို့က နေအိမ်ကနေ မြန်မာ-ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းအနားမှာ လာတိမ်းရှောင်ရတာတွေရှိတယ်။ တချို့ရွာသားတွေကတော့ အိမ်မှာပဲ ဗုံးခိုကျင်းတူးပြီး နေထိုင်တဲ့သူတွေရှိပါတယ်။" ဟု သူက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်းများကြား တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှလေကြာင်းဖြင့် ၁၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျေးရွာနှင့် လယ်မြေများအတွင်းသို့ လက်နက်ကြီးကျည် ၁၈၂ လုံးဖြင့်

ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာသားငါးဦး သေဆုံးခဲ့ကာ ၁၈ ဦးထိခိုက်ခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ နယ်မြေ KNLA အဖွဲ့မှ ထုတ်ပြန်ထားသည်။