- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် ကျောင်းကြို/ပို့စက်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း AA ပြော
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောင်းကြို/ပို့လုပ်နေသည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၂)ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့(သြဂုတ်လ ၃ ရက်)နေ့တွင် ထုတ်ပြန်ထားသည်။
03 Aug 2022
DMG ၊ သြဂုတ် ၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောင်းကြို/ပို့လုပ်နေသည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၂)ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့(သြဂုတ်လ ၃ ရက်)နေ့တွင် ထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ)ကျေးရွာမှ ကျောင်းတက်၍ပြန်လာသော ကျောင်းကြို/ပို့စက်လှေကို နှမဒါကျေးရွာ စေတီကုန်းတွင် တပ်စွဲနေရာယူထားသည့် မြန်မာစစ်တပ်မှ ယမန်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သည့် မောင်နေမင်းထွန်း(၁၂ နှစ်)နှင့် မောင်အောင်သန်းမြင့်(၁၂ နှစ်)တို့မှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့နှင့် ကျောင်းစောင့်ဖြစ်သူ ဦးဗဒူ(၅၆ နှစ်)တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ပလက်ဝဒေသခံများကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့သည်ဆိုသည့် AA ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လှုမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချတပ်စွဲထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပစ္စည်းတောင်းခံခြင်းတို့ကို ပြုလုပ်လျက်ရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေရသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ စစ်ရေးတင်းမာမှုရှိနေသည့်နယ်မြေတစ်ခုဖြစ်ပြီး ယခုရက်ပိုင်းအတွင်း (၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း ဒေသခံများကပြောသည်။
ယနေ့နံနက်ပိုင်းကလည်း ပလက်ဝမြို့အရှေ့ဘက်ကမ်း တကာချောင်းရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “မနက် ၇ နာရီခွဲကနေစပြီး တိုက်ပွဲဖြစ်နေကြတာပါ။ ၁၁ နာရီလောက်ကစပြီး တန့်သွားတာပါ။ ပစ်နေတာ ၉ နာရီအချိန်ထိဆိုရင် လက်နက်ကြီး ၁၀ ကျော်လောက်ပစ်ခဲ့တယ်။ လက်နက်ငယ်တွေရောပစ်တယ်”ဟု ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး မြေပြင်တွင်လည်း စစ်တပ်က အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။