တကျော့ပြန်တိုက်ပွဲကြောင့် ရခိုင်နှင့် ပလက်ဝတွင် စစ်ဘေးရှောင်ဦးရေ ခြောက်ထောင်ကျော်တိုးလာ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးတင်းမာမှုနှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်(၃)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ(၆၆၀၀)ကျော်အထိတိုးလာနေကြောင်း စစ်ဘေးအရေးကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ သိရသည်။

05 Sep 2022

အိန္ဒိယနယ်စပ်သို့ ပလက်ဝမြို့နယ်၊မြိတ်ဝကျေးရွာသားများထွက်ပြေးနေကြစဉ်။ (ဓာတ်ပုံ- Khine Murn Chun Facebook)

DMG ၊ စက်တင်ဘာ ၅

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးတင်းမာမှုနှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်(၃)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ(၆၆၀၀)ကျော်အထိတိုးလာနေကြောင်း စစ်ဘေးအရေးကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ သိရသည်။

ထပ်တိုးလာသည့် ရခိုင်စစ်ဘေးဒုက္ခသည်များမှာ မောင်တောမြို့နယ်တွင် ၆၀၀ ကျော်၊ ရသေ့တောင်မြို့နယ်တွင် ၃၀၀၀ ကျော်၊ မြောက်ဦးမြို့နယ်တွင် ၁၈၀၀ ခန့်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၁၂၅၀ ကျော်အထိရှိလာသည်။

အဆိုပါဒုက္ခသည်များမှာ ပလက်ဝမြို့ပေါ်တွင် (၄၅၀)ကျော်၊ ကျောက်တော်မြို့တွင် (၂၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်တွင်(၆၀၀)ခန့် အသီးသီးခိုလှုံနေကြသည်။

စစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်၍ စာရင်းအတိအကျကောက်ယူရာတွင် အခက်အခဲရှိသည့်အတွက် လက်ရှိစစ်ဘေးရှောင်အရေအတွက်ထက် ပို၍များနိုင်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများက ဆိုကြသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မောင်တောမြောက်ပိုင်းရှိ ခမောင်းဆိပ်ရွာအနီး မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းနှင့် ဝေလာတောင်တစ်လျှောက်တွင် မြန်မာစစ်တပ်မှ ရဟတ်ယာဉ်များအသုံးပြုပြီး ပစ်ခတ်မှုများရှိနေသည့်အတွက် အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ် ကြောက်လန့်၍ ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ရန်အောင်ပြင် ကျေးရွာမှ ဒေါ်အေးမြစိန်ကပြောသည်။

“ကျမတို့ထွက်ပြေးလာရတာက လေယာဉ်က အပေါ်မှာဝဲနေတယ်။ ပြီးရင်လက်နက်ကြီးတွေကလည်း မကြာခဏပစ်နေတာဆိုတော့ မတော်တဆ ရွာထဲမှာကျလာပြီး အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတာလာဖြစ်တယ်”ဟု သူကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တောင်မြို့နယ်အတွင်းက မင်းကြီး၊ မြဝတီ၊ ရန်အောင်ပြင်၊ သာယာကုန်း စသည့်ကျေးရွာများမှ ဒေသခံများမှာ မောင်တောမြို့အနီးရှိ သုံးမိုင်ပရဟိတဘုန်းတော်ကြီးကျောင်း၊ အောင်ဗလဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာမိသားစုများထံတွင် ခိုလှုံနေကြကြောင်းသိရသည်။

ယင်းအပြင် သြဂုတ်လ နောက်ဆုံးအပတ်တွင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားမှုနှင့် မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက မညှင်းတောင်၊ ညောင်ပင်လှ၊ ရေမျက်၊ သမီးလှ၊ ပြိန်းတော၊ အောင်ဇေယျ၊ ရေပုတ် စသည့်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါဒေသခံများမှာ စေတီပြင်၊ မှန်နီပြင်၊ အောင်ဇေကုန်း စသည့်ကျေးရွာများနှင့် ရသေ့တောင်မြို့ပေါ်တွင် အသီးသီးတိမ်းရှောင်နေကြသည်။ လက်ရှိတွင် စေတီပြင်ကျေးရွာတွင်လည်း စစ်ဘေးရှောင် (၈၅၆)ဦးအထိရှိလာနေပြီး စားနပ်ရိက္ခာများလိုအပ်လျက်ရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသည့် စေတီပြင် ပရဟိတအသင်းမှ ဒု-ဥက္ကဋ္ဌ ကိုအောင်မင်းစိုးကပြောသည်။

“အရေးပေါ်လိုအပ်ချက်တွေက ခြင်ထောင်တွေလိုအပ်လို့ အလှူခံပြီးပေးထားတယ်။ ဆိုတော့ စားနပ်ရိက္ခာက အဓိကလိုအပ်တယ်။ လက်ရှိအနေအထားက လမ်းတွေပိတ်ဆို့ထားတဲ့အတွက် အရင်ရှိတဲ့လူတွေကတောင် စားနပ်ရိက္ခာတွေဝယ်ယူရတာ အခက်အခဲရှိတဲ့အချိန်မှာ အခုလူများလာတော့ စားဝတ်နေရေးက သိပ်အခက်အခဲရှိတယ်။ အခုက ရလာတဲ့အလှူတွေနဲ့ စီစဉ်ပေးထားတယ်။ အခုက ဆန်တွေကလည်း နှစ်ရက်စာကျန်တော့ တယ်။ နောက်နှစ်ရက်သုံးရက်ဆိုရင် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေပြတ်လပ်သွားမယ့် အနေအထားမှာရှိတယ်”ဟု သူကဆိုသည်။

စစ်ဘေးဒုက္ခသည်များမှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကိုစိုးရိမ်ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြသည်။

မြောက်ဦးမြို့နယ်အတွင်းက ကင်းဆိပ်၊ လက္ကာ၊ ဝေသာလီ၊ ကလက စသည့်ကျေးရွာများမှဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်၏ ရမ်းယမ်းပစ်ခတ်မှုများကို ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသည့် မြောက်ဦးဒေသခံတစ်ဦးကပြောသည်။

“အခုထွက်ပြေးလာတဲ့သူတွေက အမှန်တကယ် တိုက်ပွဲဖြစ်နေတဲ့နေရာတွေက မဟုတ်ဘူး။ ပြောရမယ်ဆိုရင် တိုက်ပွဲဧရိယာမဟုတ်ဘဲနဲ့ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြေးရတာဖြစ်တယ်။ ကင်းဆိပ်က သေဆုံးသွားတဲ့သူတွေရဲ့ရွာမှာဆိုရင်လည်း တိုက်ပွဲမရှိဘူး။ ဆိုတော့ လူတွေက စစ်ကောင်စီကနေ အမြောက်တစ်လုံးပစ်လိုက်တာနဲ့ လူထုတွေက စိုးရိမ်ကြောက်လန့်နေရတယ်။ မြို့ထဲကလူတွေဆိုရင်လည်း မြို့ထဲမှာကျလာမှာ လား။ ရွာတွေကလူတွေလည်း ငါတို့ရွာမှာကျလာမှာလားမသိဘူးဆိုပြီး စိုးရိမ်ကြောက်လန့်နေရတယ်။ ကိုယ့် အိမ်မှာကိုယ်နေပြီး စိတ်မချရဘူး”ဟု သူကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့သည်။ အဆိုပါကင်းဆိပ်ကျေးရွာသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားသည့် လက္ကာကျေးရွာနှင့်(၇)မိုင်ခန့်ဝေးသော်လည်း မြောက်ဦးမြို့ရှိ ခမရ ၃၇၇ တပ်ရင်းမှ ကင်းဆိပ်ကျေးရွာဖက်သို့လှည့်ကာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

ထိုသို့ ပြောဆိုချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ ယင်းနောက် တစ်နှစ်ခန့်အကြာ တိုက်ပွဲများငြိမ်သက်နေခဲ့ပြီး ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာခဲ့ပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာပြီး စစ်ဘေးဒုက္ခသည်များမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။